ဦးကျော်သူနဲ့အတူ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုက ဦးကျော်သူဆီက ပညာတွေ ရတယ်လို့ ဆိုပါတယ်။
“ဆရာသမား တယောက်ယောက်ဆီက ပညာတွေ ရတယ်လို့ ပြောတဲ့သူတိုင်းက အဲ့ဆရာက ဘာသင်ပေးလဲလို့မေးရင် ဘာသင်ပေးမှန်း မသိဘူး။ ဒါပေမဲ့ ပညာတွေကတော့ အများကြီး ရတယ်။ ကျနော်လည်း ဦးကျော်သူဆီက ပညာတွေ အများကြီးရတယ်။ ဦးကျော်သူက ဘာတွေ သင်ပေးလဲ မေးရင် ပြောပြစရာ မရှိဘူး။ ဒါပေမဲ့ ကျနော်အတွက်ကတော့ ပညာတွေ အများကြီးရတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။
ဦးကျော်သူက သင်တန်းပေးသလို သင်ပေးတာမျိုး မဟုတ်ပေမယ့် အလုပ်ပေါ်မှာ ထားရမယ့် စိတ်နေ စိတ်ထားတွေကို သင်ပေးရင်းနဲ့ ပညာတွေ ရတယ်လို့ ဆိုပါတယ်။
“တကူးတက သင်ပေးတာ မဟုတ်ဘူး။ သင်တန်းလို သင်ပေးတာ မဟုတ်ပေမယ့် အလုပ်ပေါ်မှာ ထားတဲ့ စိတ်နေစိတ်ထားတွေကို သင်ပေးရင်းနဲ့ ကျနော်တို့ ပညာတွေ ရတယ်။ ဘယ်လိုလူမျိုးတွေကို ရှောင်ရမယ်၊ ဘယ်လို လူမျိုးတွေကို ပေါင်းရမယ်။ ဒါတွေကို သင်တန်းလို ပို့ချတာတော့ မဟုတ်ဘူး။ ကြုံရင် ကြုံသလို လုပ်ရင်းကိုင်ရင်း ပြောပြသွားတာတွေက ကျနော်တို့အတွက် ပညာရပါတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။
ဦးကျော်သူဟာ လေးစားရတဲ့ ပရဟိတ ဖခင်ကြီးဖြစ်ပြီး၊ သူ ဖောက်ခဲ့တဲ့လမ်းကို လမ်းမချော်သွားဖို့ အရေးကြီးတယ်လို့ ထွန်းကိုကိုက ဆိုပါတယ်။

“ဦးကျော်သူကတော့ ပြောမယ်ဆိုရင် ပရဟိတ ဖခင်ကြီး၊ ကျနော်တို့အတွက် လေးစားရတဲ့ ပုဂ္ဂိုလ်ပါ။ အကယ်ဒမီ မင်းသားတယောက်က အခုလို နာရေးအလုပ် လုပ်ဖို့ဆိုတာ သူမလုပ်ရင် တခြားမင်းသားက စဉ်းစားမိမှာ မဟုတ်ဘူး။ ကျနော်တို့ဆို ငယ်တုန်းက မင်းသားကနေ ဒီလိုလုပ်တယ် ကြားတော့ အရမ်းအားကျရတယ်။ လုပ်တော့လည်း အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရတယ်”
“ဒီအလုပ်တွေ လုပ်တာ အတိုက်အခိုက်တွေ များတယ်။ ဦးမောင် အဲ့လို အခက်အခဲတွေကို ဖြတ်ပြီး ဒီလမ်းကို ဖောက်ခဲ့တာ။ ကျနော်တို့လုပ်နိုင်ဖို့ လမ်းဖောက်ပေးခဲ့တယ်။ လမ်းမမှားဖို့ အရေးကြီးတယ်။ သူဖောက်ခဲ့တဲ့ လမ်းကိုလျှောက်ရုံပဲ။ ကျနော်တို့ ကိုယ်တိုင်ကလည်း ဦးမောင်ဖောက်ခဲ့တဲ့ လမ်းကို လမ်းမချော်သွားဖို့တော့ အရေးကြီးပါတယ်။ ကျနော်တို့လည်း အမှားမရှိအောင် ဆက်ပြီးတော့ လုပ်သွားရမှာပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။
ပရဟိတအပေါ်မှာ ထားတဲ့ ခံယူချက်တွေလည်း ဦးကျော်သူနဲ့ တူတယ်လို့ ထွန်းကိုကိုက ဆိုပါတယ်။

“ဦးမောင်နဲ့ တူတဲ့ အချက်တွေ ရှိတယ်။ ဦးမောင်က အေးအေးဆေးဆေးသမား၊ ကျနော်ကလည်း အဲ့လို အေးအေးဆေးဆေးပဲ နေတတ်တယ်။ ပရဟိတပေါ်မှာ ထားတဲ့ ခံယူချက်တွေလည်း တူတယ်။ ကျနော်တို့ လုပ်တာချင်း တူပေမယ့် ခံယူချက်ချင်း မတူရင် ပေါင်းဖက်လို့ မရဘူး။ ကျနော်တို့ကျ လုပ်တဲ့ အလုပ်လည်းတူတဲ့ အပြင်ကို ခံယူချက်တွေလည်း တူတယ်”
“ကျနော်ကလည်း ဦးမောင်နဲ့ အနီးကပ်နေတာ ဖြစ်တဲ့အတွက် စိတ်တွေ ထားတတ်လာတယ်။ ဦးမောင်ဆီက ပညာတွေ အများကြီးရတယ်။ ဦးမောင်ဆီက ပညာတွေ အတုယူ အားကျရင်း စိတ်တွေလည်း ထားတတ်လာတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။
သရုပ်ဆောင် ထွန်းကိုကိုကတော့ ကိုဗစ်ကာလမှာ ဦးကျော်သူနဲ့အတူ ပရဟိတအလုပ်တွေ လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်းကလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ် ရာထူးခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
You may also like these stories:
“အခကြေးငွေကြောင့် ပရဟိတ လုပ်တာ မဟုတ်ဘူး”ဆိုတဲ့ ထွန်းကိုကို
ထွန်းကိုကိုအား နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်