“A View To A Kill” ဆိုတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ မင်းသမီး Tanya Roberts ဟာ ကွယ်လွန်သွားခဲ့ပြီလို့ သူ့ရဲ့ ကိုယ်စားလှယ်နဲ့ လက်တွဲဖော်က ပြောဆိုခဲ့ပါတယ်။ “That ’70s Show” အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ မင်းသမီးဟာ သေဆုံးပြီလို့ ကြေညာခဲ့ပြီး နာရီပေါင်းများစွာအကြာမှ အမှန်တကယ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
ဆယ်စုနှစ် ၂ ခုနီးပါး လက်တွဲခဲ့တဲ့ Lance O’Brien က မင်းသမီး Roberts ကွယ်လွန်ပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းမှာ Cedars-Sinai ဆေးကုသရေးစင်တာက သူ့ကို အကြောင်းကြားခဲ့တာလို့ အေပီသတင်းဌာနကို ပြောဆိုထားပါတယ်။
သူက “Roberts ဟာ ကျနော်နဲ့ စိတ်တူကိုယ်တူ အဖော်ဖြစ်ခဲ့ပါတယ်။ သူဟာ ကျနော့်ရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ဟာ ၂ ရက်လောက်တောင် ခွဲမနေနိုင်ပါဘူး” လို့ မျက်ရည်လည်ရွဲဖြင့် O’Brien က ပြောဆိုခဲ့ပါတယ်။
မင်းသမီးဟာ ဆီးလမ်းကြောင်း ပိုးဝင်မှုနဲ့ ပတ်သက်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ကိုယ်စားလှယ် Mike Pingel က ပြောကြားခဲ့ပါတယ်။ မင်းသမီးရဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကို ယူဆောင်ဖို့ O’Brien နဲ့အတူ ဇန်နဝါရီလ ၅ ရက် မနက်ပိုင်းမှာ ဆေးရုံဆီ ရောက်ခဲ့တာလို့ ဆိုပါတယ်။
မင်းသမီး Roberts ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သူ့ရဲ့ခွေးတွေနဲ့ လမ်းလျှောက်ထွက်ခဲ့ပြီးတဲ့နောက် အိမ်မှာ လဲကျသွားခဲ့တာဖြစ်ပြီး Cedars-Sinai ဆေးကုသရေးစင်တာသို့ ပို့ဆောင်လိုက်ရတာ ဖြစ်ပါတယ်။ သူကွယ်လွန်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပေမယ့် O’Brien ရဲ့ မှားယွင်းပြောဆိုမှုကြောင့် အခုလို ကြေညာခဲ့ရတာလို့ Pingel က ပြောဆိုခဲ့ပါတယ်။
O’Brien ဆီကနေ Pingel ရရှိတဲ့ သတင်းအချက်အလက်များအပေါ် အခြေခံပြီး မင်းသမီး Roberts ရဲ့ ကွယ်လွန်မှုကို အေပီတို့လို့ သတင်းဌာနတွေဆီ အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။
COVID-19 ကန့်သတ်ချက်တွေကြောင့် ဆေးရုံမှာ မင်းသမီး Roberts ကို လာမတွေ့နိုင်ခဲ့တဲ့ O’Brien ဟာ မင်းသမီးရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာလို့ ဇန်နဝါရီ ၃ ရက်နေ့ကမှ တွေ့ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ မင်းသမီးဆီမှာ COVID-19 ကူးစက်ခံခဲ့ရခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
မင်းသမီး Roberts ဟာ ၁၉၈၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင် “A View To A Kill” မှာ မင်းသားကြီး ရော်ဂျာမိုးနဲ့အတူ ဘူမိဗေဒပညာရှင် Stacey Sutton အဖြစ် ပါဝင်ခဲ့ပါတယ်။ တိရိစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူ မင်းသမီး Roberts ကွယ်လွန်ချိန်မှာတော့ ကျန်ရစ်သူဆိုလို့ လက်တွဲဖော် O’Brien တယောက်သာ ရှိပါတော့တယ်။
Ref: cnalifestyle
You may also like these stories:
မင်္ဂလာပွဲအတွက် ဖိတ်မယ့်လူစာရင်း စဉ်းစားနေတယ်လို့ ဂူဟေဆွန်း ပြော
“Descendants of the Sun” စာရေးဆရာမရဲ့ စီးရီးအသစ်မှာ ပါဝင်မယ့် ဆောင်းဟေဂို
ဒဏ်ရာဟောင်းတွေကို ပြန်လည် ခံစားနေရတဲ့ မင်းသားကြီး ဂျက်ကီချန်း