ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ စွယ်တော်ဖူးလမ်း ၄၈ ရပ်ကွက်မှာ မွေးခါစ ကလေးငယ်တဦးအား စွန့်ပစ်ထားခဲ့တာကို လူမှုကူညီရေးအသင်းမှ ဆက်သွယ်တာကြောင့် ခေါ်ယူစောင့်ရှောက်ရဦးမယ်လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ဆိုပါတယ်။
“သားလေး တယောက် စွန့်ပစ်သွားပြန်ပြီ။ မြောက်ဒဂုံ စွယ်တော်ဖူးလမ်း (၄၈) ရပ်ကွက် မှာ မွေးခါစ သားလေးအား “မိုးစက်” လူမှုကူညီရေး အသင်းမှ ကျမဆီ ဆက်သွယ် အကြောင်းကြားလာပါတယ်။ ဆေးရုံက ပတ်ပေးထားတဲ့ အပတ်လေးမှာ အဖေ နာမည်ရော၊ အမေနာမည်ရော ပါတဲ့အတွက် စိတ်မကောင်းအရမ်းဖြစ်မိရင်း ကျမတို့ “ခိုင်”မိသားစု ရဲ့ ၄၃ ယောက်မြောက် သားလေး ကို ထပ်မံ ခေါ်ယူစောင့်ရှောက်ရပါဦးမယ်ရှင်” လို့ ခိုင်နှင်းဝေက ပြောပါတယ်။
အဆိုပါ သားလေးကိုတော့ ယနေ့မှာ သူ့ရဲ့ဂေဟာကို ခေါ်ယူလာခဲ့ပြီလို့ သိရပါတယ်။
“ဒီနေ့ ကလေးလေးကို ခေါ်လာပါပြီ။ အရမ်းချောပါတယ်။ ကြွပ်ကြွပ်အိတ်နဲ့ ညက ညောင်ပင်အောက်မှာ အသေချည်ပြီး ပစ်သွားတာဆိုတော့ သေစေချင်လို့ ဖြစ်မှာပေါ့။ ကလေးက အရမ်းချောတယ်။ ချစ်ဖို့ ကောင်းတယ်။ လွတ်လပ်ရေးနေ့က မွေးတာပါ။ ကလေးတွေ ကံကောင်းလို့ သေစေချင်ပေမယ့် လူဖြစ်လာတာပါ” လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ညက တွေ့ရှိခဲ့တာဖြစ်ပေမယ့် ညတွင်းချင်းသွားခေါ်ရန် အဆင်မပြေတဲ့အတွက် ဒီနေ့မှ သွားခေါ်ရတာလို့ ဆိုပါတယ်။
“ကလေးက မြောက်ဥက္ကလာ ဆေးရုံမှာ မွေးသွားတာ အဲ့ကဆရာမက လှမ်းပြောတယ်။ သူ့အမေကငယ်ငယ်လေးပဲ ရှိသေးတယ်တဲ့။ ၁၉ ၊ ၂၀ အဲ့ဝန်းကျင်ပေါ့။ ကလေးကို မွေးပြီး နို့တစက်မှ မတိုက်ဘူးတဲ့။ ကလေးကြပ်မတ်ဆောင်က နို့တိုက်ပြီး မွေးထားရတယ်တဲ့။ သူ့ကိုလည်း ဆေးရုံက သေချာနားချပြီးတော့ ဆေးရုံကားနဲ့ လိုက်ပို့လိုက်တာကို ဘယ်အချိန်က ဘယ်လို ပစ်သွားလဲမသိဘူး။ မိခင်ကိုယ်တိုင်ပဲပစ်လား။ တခြားသူကိုပဲ ပစ်ခိုင်းလား မသိဘူး” လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ညက တညတာ ခေါ်ယူ စောင့်ရှောက်ပေးခဲ့တဲ့ ရပ်ကွက်ထဲမှ အမျိုးသမီးတဦးဟာ အဆိုပါ သားလေးကို မွေးစားချင်တယ်လို့ ဆိုသော်လည်း ခိုင်နှင်းဝေကို ယုံကြည်လို့ လာအပ်တာဖြစ်တဲ့အတွက် ခိုင်နှင်းဝေက လာအပ်တဲ့သူတွေထံက တောင်းယူပါလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၃ ရက်ကလည်း မွေးခါစ ကလေးတယောက်ကို ပစ်ထားပြီး ကြွက်ကိုက်ခံခဲ့ရတာကြောင့် လက်မ တချောင်းနဲ့ လက်ညှိုးတချောင်း ပြတ်ကာ နှာခေါင်းပဲ့ ဒဏ်ရာဖြင့် ကလေးငယ်တဦးကိုလည်း အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ပေးနေရပြီး အခြေအနေကတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ သွေးသွင်းနေရတယ်လို့ သိရပါတယ်။