ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ကတော့ တိုက်နဲ့ ကားနဲ့ မပူမပင် မကြောင့်မကြ နေနိုင်တာဟာ မိဘကို လုပ်ကျွေးတဲ့ ကျေးဇူးတွေကြောင့်လို့ ဆိုပါတယ်။
“လူငယ်တွေ တချို့မေ့နေတာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ငါဘုရားကို ဆွမ်းတော် မကပ်ချင်နေ၊ အမိအဖကို လုပ်ကျွေးခြင်းသည် ငါဘုရားကို ဆွမ်းတော်ကပ်တာနဲ့ အတူတူပဲတဲ့။ လက်ရှိ ဘုရားက မိဘနှစ်ပါးပဲ။ မိဘနှစ်ပါးကို လုပ်ကျွေးတာကို နမူနာယူပေါ့။ လမ်းဘေးက ဈေးသည် နေစရာ အိမ်မရှိ၊ သူများကျွေးတာစား သူများလမ်းကြားမှာ နေ”
“အိမ်သာမရှိလို့ လမ်းဘေးမှာ အိမ်သာတက်ခဲ့ရတဲ့ ဘဝကနေ နိုင်ငံကျော် လူရွှင်တော် ဒိန်းဒေါင်ဆိုပြီး တိုက်နဲ့ ကားနဲ့ မကြောင့်မကြ မတောင့်မတ နေနိုင်တာ မိဘကို လုပ်ကျွေးတဲ့ ကျေးဇူးတွေပါ။ ပါရမီပါလို့တို့ ကြိုးစားမှုကြောင့်တို့ ကြိုက်သလို ပြောလို့ရတယ်။ ကျနော်ကတော့ ခံယူထားတာက မိဘကို လုပ်ကျွေးခဲ့တဲ့ ကျေးဇူးကြောင့်လို့ ခံယူတယ်”လို့ ဒိန်းဒေါင်က ပြောပါတယ်။
ဟာသလူရွှင်တော် ဒိန်းဒေါင်က မိဘကို ဘယ်တော့မှ မစော်ကားမိအောင် နေကြဖို့လည်း အခုလို ပြောပါတယ်။
“အခုခေတ် တချို့က မိဘကို မကောင်းဘူးလို့ မြင်တာကိုက ဆိုးတာ။ မိဘဆိုတာ ဘာလုပ်လုပ် ပြောပိုင်ခွင့်မရှိဘူး။ သူတို့ မွေးလို့ လူဖြစ်လာတာ။ ကျနော်ကတော့ ကျနော့်မိဘ မကောင်းဘူးလို့ ကျနော့် လာပြောတဲ့ သူက ကျနော်နဲ့ အဆင်ပြေမှာ မဟုတ်ဘူး။ မိဘက ကောင်းကောင်း၊ မကောင်းကောင်း မကောင်းဘူးလို့ သတ်မှတ်ထားတဲ့သူကိုက မှားနေတာ”
“မိဘ ဘာလုပ်လုပ် အကောင်းမြင်ပေးရမှာ။ သူတို့က ကိုယ့်ကို မွေးထားတာလေ။ ကိုယ်က သူ့တို့ကို ဆရာလုပ်လို့မှ မရတာ။ မိဘကိုင်းသင့်ရင် ဘာမှလုပ်လို့ မရဘူး။ အပြင်သွားခါနီးတိုင်း ဦးသုံးကြိမ်လောက် ချပြီး သွားကြည့်ပါ။ ကိုယ်တိုင် ကန်တော့လိုက်တဲ့ ပီတိတွေ ခံစားရမယ်။ စမ်းကြည့်လိုက်ပါ”လို့ ဒိန်းဒေါင်က ပြောပါတယ်။
သရုပ်ဆောင် ဒိန်းဒေါင်ကတော့ သူ့ရဲ့ အသက် ၄၇ နှစ်ပြည့် မွေးနေ့မှာ မိခင်ဖြစ်သူရဲ့ ထဘီကို သူ ကိုယ်တိုင် လျှော်ဖွပ်ကာ ကုသိုလ်ယူခဲ့ပြီး မိဘကို ချစ်တဲ့ သားသမီးက ဒုက္ခ မတွေ့ဘူးလို့ ဆိုပါတယ်။
“အမေက ငါ့သားလေး ငါ့သမီးလေး ငါ့အပေါ် သိတတ်တာပဲလို့ အမေ့ ရင်ထဲက ဖြစ်တည်လိုက်တာနဲ့ ကိုယ့်လုပ်မယ့် အလုပ်တွေ အဆင်ပြေ ချောမွေ့သွားမယ်။ မကျွေးရင်နေ၊ မပေးရင်နေ၊ မိဘကို မစော်ကားပါနဲ့။ မိဘကို ဂါရဝ ထားပါ။ မိဘကိုချစ်တဲ့ သားသမီးတယောက်က ဒုက္ခ မတွေ့ဘူး”လို့ ဒိန်းဒေါင်က ပြောပါတယ်။
ဒိန်းဒေါင်ဟာ လူရွှင်တော်အသင်းရဲ့ ဥက္ကဋ္ဌအနေနဲ့ တာဝန် ထမ်းဆောင်နေပြီး ကိုဗစ်ကာလ အတွင်းမှာလည်း “ချွန်တွန်း” ပရဟိတအသင်းကို တည်ထောင်ကာ လှူဒါန်းမှုများစွာ ပြုလုပ်နေပါတယ်။
You may also like these stories:
“ခြိမ့်ကေကိုအပေါ် သက်သက်ညှာညှာလေး စဉ်းစားပေးကြပါ”လို့ ဒိန်းဒေါင် ဆို