ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းဟာ မကြာသေးမီတုန်းက Ladakh မြို့ဆီသို့ ခရီးတိုတခုအနေနဲ့ သွားရောက်ခဲ့ပြီး ရေခဲမှတ်အောက် ၃၃ ဒီဂရီမှာ အလုပ်လုပ်ခဲ့ရတဲ့ အတွေ့အကြုံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ အစောပိုင်းမှာပဲ သူ့ရဲ့ ဘလော့ကနေ ပြောဆိုခဲ့ပါတယ်။
“တနေ့လုံး အလုပ်လုပ်ခဲ့ရပြီး Ladakh မြို့ကို ပြန်လာခဲ့ရပါတယ်။ အနှုတ် ၃၃ ဒီဂရီအောက်မှာပေါ့။ မျက်ရည်ကျလုမတတ် အေးခဲလွန်းပါတယ်” လို့ ဓာတ်ပုံတပုံနဲ့အတူ သူ့ရဲ့ ဘလော့မှာတင်ခဲ့တာ ဖြစ်ပါတယ်။
မင်းသားကြီး ဘဂျမ်းဟာ ရေခဲမှတ်အောက် ရာသီဥတု အခြေအနေမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ဆောင်းရာသီ အဝတ်အစားတွေကို ဝတ်စုံပြည့် ဝတ်ဆင်ခဲ့ရပါတယ်။ သူဟာ ဦးထုပ်၊ လက်အိတ်၊ နှင်းကြည့်မျက်မှန်နဲ့ ထူထဲတဲ့ ဂျာကင်တွေကို ဝတ်ဆင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူက “ဒါတွေကတောင် အေးခဲမှုကို မသက်သာစေပါဘူး” လို့ ဆိုပါတယ်။
အဲ့ဒီ ခရီးစဉ်အတွင်းမှာပဲ မင်းသားကြီး ဘဂျမ်းဟာ ရေခဲမတတ် အေးနေတဲ့ Ladakh မြို့ကနေ နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းတဲ့ ဗီဒီယိုတခုကို တင်ခဲ့ပါတယ်။ မင်းသားကြီးဟာ ဆိုရှယ်မီဒီယာကနေ တဆင့် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရှိနေသူလည်း ဖြစ်ပါတယ်။ သူဟာ ဆိုရှယ်မီဒီယာတွေကနေ တဆင့် ထွက်ရှိလာမယ့် သူ့ရဲ့ ရုပ်ရှင်တွေအကြောင်း မျှဝေလေ့ရှိသလို အရင်တုန်းက ဓာတ်ပုံတွေကို တင်ပြီး အမှတ်တရအကြောင်းတွေကို ပြောဆိုလေ့ ရှိပါတယ်။
မကြာသေးခင်တုန်းကလည်း မင်းသားကြီးဟာ အော်တို လက်မှတ်ထိုးပေးစေဖို့ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီး ခြံရံထားတဲ့ သူရဲ့ အဖြူအမည်း ဓာတ်ပုံတပုံကို တင်ခဲ့ပါတယ်။ ပုံစာမှာတော့ “မော်စကိုမြို့၊ ဆိုဗီယက် ယူနီယမ်၊ ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်း” လို့ ရေးသားခဲ့ပါတယ်။
မင်းသားကြီးဟာ အခုလက်ရှိမှာတော့ ရုပ်သံပဟေဠိ အစီအစဉ် Kaun Banega Crorepati ကို စီစဉ်တင်ဆက်နေပါတယ်။ ဒါ့အပြင် သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “Brahmastra” ၊ “Chehre” နဲ့ “Mayday” ရုပ်ရှင်တွေလည်း မကြာမီ ထွက်လာဖို့ ရှိပါတယ်။
အိန္ဒိယရုပ်ရှင်သမိုင်းမှာ အကြီးကျယ်ဆုံး သရုပ်ဆောင်တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသားကြီးအမီတာ ဘဂျမ်းဟာ ၁၉၇၀ ကနေ ၁၉၈၀ ပြည့်လွန်နှစ်တွေအထိ အိန္ဒိယရုပ်ရှင်လောကကို တဦးတည်း လွှမ်းမိုးထားနိုင်သူ ဖြစ်ခဲ့ပါတယ်။
“တခေတ်မှာ တယောက်” လို့ သမုတ်ကြတဲ့အထိ အောင်မြင်ခဲ့တဲ့ မင်းသားကြီးဟာ အာဖရိကမှသည် အရှေ့အလယ်ပိုင်း၊ ယင်းမှ ယူကေ၊ ရုရှား၊ ကာရေဘီယံဒေသနဲ့ အမေရိကန်နိုင်ငံအထိ လူသိများထင်ရှားသူလည်း ဖြစ်ပါတယ်။
Ref:indianexpress
You may also like these stories:
ဂျိမ်းစ်ဘွန်းမင်းသမီး Tanya Roberts အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်
မင်္ဂလာပွဲအတွက် ဖိတ်မယ့်လူစာရင်း စဉ်းစားနေတယ်လို့ ဂူဟေဆွန်း ပြော
“Descendants of the Sun” စာရေးဆရာမရဲ့ စီးရီးအသစ်မှာ ပါဝင်မယ့် ဆောင်းဟေဂို