ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်ပေးနေကြသော အနုပညာရှင်များအား တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားခြင်း အစီအစဉ်ကို ဇန်နဝါရီ ၆ ရက်နေ့က အွန်လိုင်းကနေတဆင့် ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အစီအစဉ်မှာတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာပြည်မှာ ကိုဗစ်ကို ဒီလောက်ထိ ထိန်းချုပ်နိုင်တာဟာ အနုပညာရှင်တွေကြောင့်လို့ ပြောကြားခဲ့ပါတယ်။
“အနုပညာရှင်ကို လူတိုင်းက လေးစားတယ်။ စကားကို နားထောင်တယ်။ သူတို့ပြောလို့ရှိရင် လိုက်နာတယ်။ Follower ကလည်း အရမ်းများတယ်။ သိန်းနဲ့သန်းနဲ့ ရှိတယ်။ ကိုယ်ချစ်တဲ့သူက ပြောရင် လက်ခံမှာပဲ။ ဒါ့အပြင် အခုခေတ်မှာ အင်တာနက်တွေ Facebook တွေ ရှိတဲ့အတွက် အနုပညာရှင်ကပြောရင် တပြည်လုံး ပြန့်သွားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်တယောက်က သီချင်းတွေ ဗီဒီယိုတွေ ရယ်စရာတွေ နည်းမျိုးစုံနဲ့ လုပ်ပေးတယ်”လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အနုပညာရှင်တွေ ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်များဟာ ကောင်းမွန်တဲ့အကြောင်း ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ တပတ်ကျော်ကျော်လောက်က နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကျနော်တို့ အစည်းအဝေး လုပ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံက ထုတ်ပြောပါတယ်။ အနုပညာရှင်တွေလုပ်တဲ့ ဗီဒီယိုတွေက အလွန်ကောင်းပါတယ်တဲ့။ ကျနော် တော်တော် ကျေနပ်ပါတယ်။ သူကြည့်နေတယ် ဆိုတာကို ပြတာ။ အလွန် အရေးကြီးတယ်ဆိုတာကို ပြတာ”
“နောက်တချက်က မြန်မာပြည်မှာ ကိုဗစ်ကို ဒီလောက်ထိ ထိန်းထားနိုင်တယ်ဆိုတာ အနုပညာရှင်များကပြောလို့ ပြည်သူများက လိုက်လုပ်တယ်။ အသိဉာဏ် တိုးတာ။ မြန်မာပြည်လို အနုပညာရှင်သမားတွေ အလှူရှင်တွေ လူမှုရေးအဖွဲ့အစည်းတွေ လုပ်တာ တခြားနိုင်ငံတွေမှာ မရှိပါဘူး။ ကျနော် တော်တော်များများ သိပါတယ်။ ကျနော့်မှာ အဆက်အသွယ်တွေ ရှိပါတယ်” လို့ ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။
“အနုပညာရှင်များအနေနဲ့ လုပ်ပေးတာကိုလည်း လုံးဝ မလျှော့ပါနဲ့။ ဆက်ပြီးတော့ အရှိန်မလျှော့ဘဲနဲ့လုပ်ပေးပါ။ ရန်ကုန်မှာ အနုပညာရှင်တွေ ပြောကြားချက်ကိုပဲ မန္တလေးတို့ ဧရာဝတီတိုင်းတို့ ပဲခူးတိုင်း ၊ မွန်ပြည်နယ်တို့ကိုလည်း ဖြန့်ပြီး လုပ်ပေးကြပါ။ ရန်ကုန်မှာရှိတဲ့ အနုပညာရှင်တွေရဲ့ပြောတာတွေဟာ Facbook မှာ ပါနိုင်ပါတယ်။ သို့သော် Facebook ကို လူတိုင်း မကြည့်နိုင်ပါဘူး”
“မြန်မာပြည်ရဲ့ ၅၂ သန်းမှာ ၄ သန်းပဲ Facebook ကြည့်တာ။ မကြည့်နိုင်တဲ့သူက သန်းနဲ့ချီ ရှိတယ်။ ဒါကြောင့် ဒါတွေကို ကော်ပီယူပြီး ကားတွေနဲ့ လှည့်ပြရမယ်။ လုပ်ပြရမယ်။ ဒါကြောင့် အနုပညာရှင်တွေကို တောင်းဆိုချင်တာ ၅ မိနစ်လောက် ၁၀ မိနစ်လောက် အသံသွင်းပေးပါ။ ဒါတွေကို တနိုင်ငံလုံးကို ဖြန့်ဝေလို့ရတယ်” လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကလည်း အခုလို ပြောခဲ့ပါတယ်။
“အနုပညာရှင်တွေအနေနဲ့ ဒီလို ကပ်ရောဂါကြီး ဖြစ်လာတဲ့အချိန် ဘယ်လိုမှ မနေနိုင်ကြပါဘူး။ တယောက်မကျန် ကျရာ တာဝန်က ထမ်းဆောင်ကြပါတယ်။ ကျနော့်ရဲ့ဦးဆောင်မှုမှာ မဟုတ်ဘဲ သူတို့ရဲ့ အသိစိတ်ဓာတ် နဂိုအသိစိတ်ဓာတ်နဲ့ကို ပါဝင်လာကြတာပါ။ အားတင်းထားပါ ရန်ကုန် ရိုက်တဲ့အခါမှာ တယောက်မှ အိမ်ပြင်မထွက်ကြဘဲ Viber တွေနဲ့ We Chat တွေနဲ့ ရိုက်ပြီးပို့ပေးကြပါတယ်။ အဲဒါကိုကျနော်တို့ Skynet ကနေ တင်ပြပါတယ်။ Facebook ကနေလည်း တင်ပြရပါတယ်”
“ကျနော်တို့ကို ကျေးဇူးတင်သလို ကျနော်တို့ကို တင်ပြပေးတဲ့ Platform တွေကလည်း တကယ်ပဲကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပါပဲခင်ဗျာ။ ကျနော်တို့ကို အသိအမှတ် ဂုဏ်ပြုတဲ့အတွက် ကျန်းမာရေးဝန်ကြီးရော ကျနော်တို့ ဝန်ကြီးရော ကျေးဇူးတင် ဝမ်းမြောက်ပါတယ်” လို့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်ပေးနေကြသော အနုပညာရှင်များအား တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်ကိုတော့ Zoom မှ တဆင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်မှာ အနုပညာရှင်များဖြစ်ကြတဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ၊ ဒါရိုက်တာ မောင်သီ ၊ တေးရေး မြင့်မိုးအောင် ၊ အရိုင်း ၊ ဝေဠုကျော် ၊ ဖိုးချစ် ၊ ကျော်ထက်အောင် ၊ ဟန်ဇာမိုးဝင်း ၊ ဒါရိုက်တာ ဏကြီး ၊ ဂီတမှူး နိုင်ဇော် ၊ မေခလာ ၊ ပိုင်ဖြိုးသု ၊ ပတ္တမြားကေခိုင် ၊ မာရီကိုးလ် ၊ ပန်းရောင်ခြယ် အစရှိတဲ့ အနုပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။