မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်း ဥက္ကဋ္ဌ၊ တေးရေး မြင့်မိုးအောင်က ဂီတသမားများ ကိုဗစ်ကာလမှာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ဖျော်ဖြေရေးကိစ္စရပ်များ အန္တရာယ်ကင်းကင်းနဲ့ ဖျော်ဖြေနိုင်မယ့် နည်းလမ်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့နှင့် အနုပညာရှင်များအား တွေ့ဆုံ ဆွေးနွေးခြင်း ၊ ကျေးဇူးတင် ဂုဏ်ပြုစကားပြောဆိုခြင်း အစီအစဉ်မှာ တောင်းဆိုခဲ့ပါတယ်။
“ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်တာလေးတခု ရှိပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ ကျနော်တို့တွေက ဒီလိုဆောင်ရွက်နေတဲ့အခါမှာ အားလုံးကလည်း နယ်ပယ်အသီးသီးမှာ အခက်အခဲ ဖြစ်ကြတယ်။ ဂီတသမားတွေကလည်း ကူညီတာတွေကလည်း ကူညီတာတွေ လုပ်နေသလို သူတို့ရဲ့ဝင်ငွေအသက်မွေးဝမ်းကြောင်းလုပ်ရတဲ့အခါမှာလည်း အခက်အခဲလေးတွေ ရှိပါတယ်”
“အဲ့အခက်အခဲလေးတွေကလည်း တခါတလေကျရင် သူတို့ကိုယ်တိုင် မူဝါဒတွေ စည်းကမ်းတွေကို ဖောက်ဖျက်တာမျိုးတွေ ဖြစ်သွားမှာ ကျနော် စိုးရိမ်ပါတယ်။ သူတို့တွေလုပ်လို့ ကိုင်လို့ လွယ်ကူမယ့် အဆင်ပြေမယ့် စည်းကမ်းတကျ မူဝါဒတွေကိုလည်း ကြပ်ကြပ်မတ်မတ်လေး နိုင်ငံတော် တာဝန်ရှိသူတွေက ဆောင်ရွက်ပေးပါ” လို့ တေးရေး မြင့်မိုးအောင်က ပြောပါတယ်။
ဆက်လက်ပြီး “ ဥပမာ ရုပ်ရှင်မှာဆိုရင်လည်း အန္တရာယ်ကင်းကင်းနဲ့ ရိုက်ကူး တင်ဆက်တာတွေ လုပ်သလိုမျိုးပေါ့။ ပြန်ကြားရေးဝန်ကြီးဌာနမှာလည်း အန္တရာယ်ကင်းကင်းနဲ့ ရိုက်ကူးသလိုမျိုး ကျနော်တို့ဂီတသမားတွေကိုလည်း ဆိုကြတဲ့သူတွေ၊ တီးကြတဲ့သူတွေ အန္တရာယ်ကင်းကင်း စည်းကမ်းတကျနဲ့ သူတို့ဘယ်လိုတွေ ဖျော်ဖြေလို့ရမလဲ”
“သူတို့ အသက်မွေးဝမ်းကြောင်းလေးကို ဘယ်လိုလုပ်လို့ ရမလဲပေါ့။ ကူညီတာတွေလည်း ကူညီ အဲ့ကိစ္စလေးကိုလည်း နိုင်ငံတော်တာဝန်ရှိသူတွေက ထည့်သွင်းစဉ်းစားပြီးတော့ လမ်းညွှန်မှုလေးပေးပေးပါ။ ကျနော်တို့ကလည်း ကူညီစရာရှိတဲ့ကိစ္စတွေ အမြဲကူညီနေမှာပါ” လို့ မြင့်မိုးအောင်က ပြောပါတယ်။
ကိုဗစ်ကာလအတွင်းမှာ ပြည်သူများ အိမ်မှာနေနေစဉ်အတွင်း ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲများအတွက် သွားရောက်ရာမှ ကိုဗစ် ကူးစက်မှုများ ရှိခဲ့တယ်လို့ သိရပါတယ်။
“ဒီကာလမှာ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အိမ်ထဲမှာနေနေကြတဲ့ မိဘပြည်သူတွေကို ဖျော်ဖြေရေးအတွက်ဆိုပြီးတော့ ပရိုဂရမ်တွေ ရုပ်ရှင်ရာပြည့်တို့ တက္ကသိုလ်ရာပြည့်တို့ ဆောင်ရွက်ကြပါတယ်။ အဲ့လို အခါမျိုးမှာလည်း ကျနော်တို့ တေးရေးအသင်းကနေ ပြီးတော့ ကိုမင်းချစ်သူတို့ ကိုနောင်နောင်(S.F) တို့လည်း သွားပြီးတော့ ဆောင်ရွက်ရတာတွေ ရှိပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံတေးသီချင်း မူပိုင်ရှင်များအသင်းအနေနဲ့လည်း ကိုဗစ်ကာလ ဖျော်ဖြေမှုများအတွက် သူတို့ရဲ့တေးသီချင်းများ သုံးစွဲခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
“ကိုနောင်နောင်(S.F) ဆိုရင် တက္ကသိုလ်ရာပြည့် သီချင်းကို သွားသွင်းရင်းနဲ့ COVID–19 Positive ဖြစ်ပါတယ်။ ကိုဗစ်စင်တာမှာ သွားရောက် ကုသပြီး သက်သာလာတာ ဖြစ်ပါတယ်။ ကျနော်တို့အနုပညာသမားတွေလည်း ဒီကာလမှာ စွန့်စားပြီးတော့ ပြည်သူတွေကို ဖျော်ဖြေတာတွေ လုပ်ခဲ့ပါတယ်။ နောက်ပြီးတော့ စိတ်အားငယ်တွေ ဖြစ်ကြမှာစိုးတဲ့အတွက် သွားရောက်ဖျော်ဖြေကြတဲ့သူတွေကိုလည်း ကျနော်တို့က ကျနော်တို့ အသင်းရဲ့သီချင်းတွေကို သုံးစွဲခွင့်ပြုပါတယ်။ ပံ့ပိုးပါတယ်” လို့ တေးရေး မြင့်မိုးအောင်က ပြောပါတယ်။
မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်းကတော့ အဖွဲ့ဝင် ၇၀ ကျော်ရှိပြီး ဒီကာလအတွင်းမှာ သီချင်း ၉ ပုဒ် ဖန်တီးနိုင်ခဲ့ပါတယ်။
You may also like these stories:
“မိဘကို လုပ်ကျွေးတဲ့ ကျေးဇူးကြောင့် မကြောင့်မကြ နေရတာ”လို့ ဒိန်းဒေါင် ပြော
စွန့်ပစ်ကလေးကို ၄၃ ယောက်မြောက် သားအဖြစ် မွေးစားလိုက်တဲ့ ခိုင်နှင်းဝေ
“ဦးကျော်သူဆီက ပညာတွေ အများကြီးရတယ်”လို့ ထွန်းကိုကို ပြော