၂၀၂၀ ခုနှစ်ဟာ COVID-19 ကပ်ရောဂါဆိုးကြောင့် အားလုံး အခက်အခဲ ဖြစ်ခဲ့ရတဲ့အတွက် ကံဆိုးတဲ့နှစ်လို့ နေတိုးက ပြောပါတယ်။
“၂၀၂၀ က ကျေနပ်စရာကောင်းတဲ့ နှစ်တော့ မဟုတ်ဘူးပေါ့။ ၂၀၂၀ က လူ့သက်တမ်း တလျှောက်မှာ ကပ်ဘေး အန္တရာယ်ဆိုးကို အချိန်ကြာကြာ ရင်ဆိုင် ဖြေရှင်းရတဲ့ နှစ်တနှစ်ဆိုတော့ ကျနော်တို့အနေနဲ့ ကံကောင်းတဲ့ နှစ်တနှစ်လို့တော့ ခေါ်မရဘူး။ ကပ်ဘေး ကျရောက်တော့ ကံဆိုးတာပေါ့။ ဒီနှစ်ကိုတော့ ကံဆိုးတဲ့နှစ်လို့ ပြောလို့ရတယ်”လို့ နေတိုးက ပြောပါတယ်။
ဆက်လက်ပြီး “ဒါပေမဲ့လည်း လူတွေက အကောင်းတွေပဲ အမြဲ ကြုံနေမှာ မဟုတ်ဘူး။ အဆိုးနဲ့ အကောင်း အမြဲ ကြုံနေမှာ ဆိုတော့ လက်ရှိဖြစ်နေတဲ့ အနေအထားတခု ပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားနိုင်ဖို့၊ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်နိုင်ဖို့၊ မေတ္တာတရားနဲ့ အလုပ်တွေ လုပ်နိုင်ဖို့၊ တဦးပေါ်တဦး ကူညီရိုင်းပင်းမှုတွေတော့ ပိုပြီး လိုအပ်တယ်”
“ကျနော်တို့လည်း ပရိသတ်တွေနဲ့ အပြင်မှာ ထိတွေ့လို့ မရတော့ အွန်လိုင်းပေါ်ကနေပဲ ထိတွေ့လို့ရမယ့် လမ်းကြောင်းတွေနဲ့ ထိတွေ့နေရတယ်”လို့ နေတိုးက ပြောပါတယ်။
ကိုဗစ်ကာလ Stay home နေရချိန်မှာ ပြောင်းလဲမှုအနေနဲ့ ဆံပင်ရှည်ထားဖြစ်သွားတယ်လို့ နေတိုးက ဆိုပါတယ်။
“ကိုဗစ်ကာလမှာ ပြောင်းလဲသွားတာကတော့ ကျနော် ဆံပင်တွေ ရှည်သွားတယ်။ အဲ့ဒါကတော့ ကျနော့်အတွက် အကြီးမားဆုံး ပြောင်းလဲမှုပေါ့။ ကျနော် ဒီလောက် ဆံပင်အရှည်ကြီး မထားဖူးဘူး။ ၂၀၂၀ မှာ ကျနော် ဆံပင်ရှည် ထားမိတယ်။ ကျနော်က ဇာတ်ကားရိုက်ဖို့အတွက်လည်း ဆံပင်စတိုင် ပြောင်းဖြစ်တယ်ပေါ့”
“လက်ရှိ ကျနော် ဖြတ်သန်းခဲ့တဲ့ ၂၅ နှစ်လောက် ဖြတ်သန်းလာတဲ့ တလျှောက်လုံးမှာ ကျနော် ငယ်ငယ်က ဆံပင်ရှည်ထားဖူးပေမယ့် အနုပညာလုပ်လာတဲ့ တလျှောက်လုံးမှာ ကာရိုက်တာ ချိန်းလို့ရတဲ့ ဆံပင်ပဲ ထားတာပေါ့။ အခုနောက်ပိုင်းမှ တခါ ပြန်ထားဖြစ်တာပေါ့”လို့ နေတိုးက ပြောပါတယ်။
ဆံပင်ရှည်နဲ့ အမှတ်တရဖြစ်အောင် ဇာတ်ကားရိုက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။
“ဆံပင်ရှည်နဲ့ အမှတ်တရဖြစ်အောင် ဇာတ်ကားရိုက်ဖို့ စီစဉ်ထားတယ်။ ကျန်းမာရေး ခွင့်ပြုချက်တွေနဲ့ အခြေအနေတွေပေါ်မှာတော့ မူတည်ပါတယ်။ ကာရိုက်တာပိုင်းကတော့ ဇာတ်လမ်းပုံစံကတော့ Romance နဲ့ ဒရာမာ ရောမယ်။ ဇာတ်လမ်းက ထူးခြားမှု ရှိတယ်”
“စိတ်ခံစားမှုကို အရမ်းဦးစားပေးပြီးတော့မှ စိတ်တွေ အရမ်းများတဲ့သူတယောက် ပုံစံမျိုး။ လူတယောက်မှာ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့ စိတ်နှစ်ခု ရှိတယ်။ အဲ့ကြားထဲမှာ နေရတဲ့သူ တယောက်ပေါ့။ နည်းနည်း Psycho ဆန်တဲ့ ပုံစံမျိုး။ ဒါပေမဲ့ ဒရာမာ ဖြစ်တာမျိုးလည်း သွားထားတယ်”လို့ နေတိုးက ပြောပါတယ်။
နေတိုးကတော့ အခုလို ကိုဗစ်ကာလအတွင်း ပရိသတ်နဲ့ အဆက်မပြတ်စေရန် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အနုပညာလှုပ်ရှားမှုများ မပြတ် တင်ပေးနေပါတယ်။ မကြာသေးခင် ကာလတုန်းကလည်း နေတိုးနဲ့ ဝတ်မှုန်ရွှေရည် ပါဝင် သရုပ်ဆောင်ထားတဲ့ အဆိုတော် ကော်နီရဲ့ “ရေစက်” သီချင်း Music Video ထွက်ရှိခဲ့ပါတယ်။
You may also like these stories:
ဂီတသမားများ အန္တရာယ်ကင်းကင်း ဖျော်ဖြေနိုင်မယ့် နည်းလမ်း မြင့်မိုးအောင် တောင်းဆို
မြန်မာမှာ ကိုဗစ် ဒီလောက် ထိန်းနိုင်တာ အနုပညာရှင်တွေကြောင့်လို့ ပြည်ထောင်စုဝန်ကြီး ပြော
“မိဘကို လုပ်ကျွေးတဲ့ ကျေးဇူးကြောင့် မကြောင့်မကြ နေရတာ”လို့ ဒိန်းဒေါင် ပြော