ကိုရီးယားနွယ်ဖွား အမေရိကန်ဒါရိုက်တာ Lee Isaac Chung ရဲ့ “Minari” ရုပ်ရှင်ထဲက မင်းသမီးကြီး Youn Yuh-jung ဟာ မကြာခင် ကျင်းပမယ့် အော်စကာ ဆုပေးပွဲအတွက် အကောင်းဆုံး ဇာတ်ပို့မင်းသမီး ဆန်ခါတင် ဆုစာရင်းမှာ ပါဝင်နိုင်မယ်လို့ မျှော်မှန်းချက်တွေ မြင့်တက်နေပါတယ်။
ဒါရိုက်တာ Chung ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ထဲက အပြောအဆို ထူးဆန်းတဲ့ အဘွားနေရာကနေ သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Youn ဟာ “Oklahoma Film Critics Circle”, “the North Carolina Film Critics” နဲ့ “the Boston Society of Film Critics” တို့အပါအဝင် အမေရိကန်ရုပ်ရှင်ဝေဖန်ရေးအဖွဲ့တွေနဲ့ ပွဲတော်တွေကနေ အကောင်းဆုံးဇာတ်ပို့ မင်းသမီးဆုကို ၇ ခုအထိ ရရှိထားပြီးလည်း ဖြစ်ပါတယ်။
“Minari” ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချ နေထိုင်ကြတဲ့ ကိုရီးယားမိသားစု တစုအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာ မင်းသမီးကြီး Yoon ရဲ့ ဇာတ်ကောင်ဟာ ကိုရီးယားကနေ အမေရိကန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် အပြောင်းအလဲတွေ ကြုံတွေ့ခဲ့ရပါတယ်။
အမေရိကန်မီဒီယာဖြစ်တဲ့ “Variety” ရဲ့ အဆိုအရ မင်းသမီးကြီး Yoon ဟာ “Borat Subsequent Moviefilm” ထဲက မင်းသမီး Maria Bakalova ၊ “Mank” ထဲက မင်းသမီး Amanda Seyfried တို့နဲ့အတူ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ဆန်ခါတင် သတ်မှတ်ခံရဖို့ တစ်ပြေးနေတယ်လို့လည်း သိရပါတယ်။
မင်းသမီးကြီးနဲ့အတူ ဆန်ခါတင်ဆုစာရင်း ဝင်နိုင်သူတွေထဲမှာတော့ Bakalova နဲ့ Seyfried တို့အပြင် “The Father” ထဲက မင်းသမီး Olivia Colman နဲ့ “Pieces of a Woman” ထဲကမင်းသမီး Ellen Burstyn တို့အပါအဝင် စုစုပေါင်း မင်းသမီး ၅ ဦး ရှိနေပါတယ်။
တကယ်လို့သာ မင်းသမီးကြီး Yoon ဟာ ဧပြီလမှာ ကျင်းပမယ့် ၉၃ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာ့အထင်ကရ ရုပ်ရှင်ဆုပေးပွဲမှာ ခေါင်းဆောင်နဲ့ ဇာတ်ပို့ မင်းသား၊ မင်းသမီးဆုအတွက် ကိုရီးယားမင်းသား၊ မင်းသမီးတယောက် ဆန်ခါတင် စာရင်းဝင်တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာမှာပါ။
ကိုရီးယားနွယ်ဖွား မင်းသမီး Awkwafina ကတော့ မနှစ်ကကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆုကို ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် ဆုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အော်စကာဆုတော့ ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ တောင်ကိုရီးယား ဒါရိုက်တာ Bong Joon-ho ရဲ့ “Parasite” ရုပ်ရှင်ဟာ အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် ထိပ်တန်း ဆု ၄ ဆု ရရှိခဲ့ပေမယ့် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ဆန်ခါတင် စာရင်းတောင် ဝင်ခဲ့ခြင်း မရှိပါဘူး။
၁၉၅၇ ခုနှစ်တုန်းက ဂျပန်နွယ်ဖွား အမေရိကန်မင်းသမီး Miyoshi Umeki ဟာ “Sayonara” ရုပ်ရှင်နဲ့ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ရရှိခဲ့ဖူးပြီး သူဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ပထမဆုံးနဲ့ တဦးတည်းသော အကယ်ဒမီဆုရရှိသူ အာရှအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ဒါ့အပြင် “Minari” ရုပ်ရှင်ထဲက မင်းသား Steven Yeun ဟာလည်း ဒီနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမင်းသားဆု ဆန်ခါတင်စာရင်းထဲ ဝင်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ သူနဲ့အတူ Chadwick Boseman ၊ Anthony Hopkins တို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
တကယ်လို့သာ မင်းသား Yeun က အော်စကာ ဆန်ခါတင်စာရင်းမှာသာ ပါဝင်ခဲ့ရင် အဲ့ဒီစာရင်းမှာ ပထမဆုံးပါဝင်ခဲ့တဲ့ ကိုရီးယားနွယ်ဖွား မင်းသား ဖြစ်လာမှာပါ။ အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းကို လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ဆုအမျိုးအစား တခုချင်းစီအလိုက် ထုတ်ပြန်မှာဖြစ်ပြီး ဆုပေးပွဲကို ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
Ref: Yonhap
You may also like these stories:
ရုပ်ရှင်အသစ်အတွက် အနှုတ် ၃၃ ဒီဂရီအောက်မှာ အလုပ်လုပ်ခဲ့ရတဲ့ အမီတာဘဂျမ်း
ဂျိမ်းစ်ဘွန်းမင်းသမီး Tanya Roberts အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်
မင်္ဂလာပွဲအတွက် ဖိတ်မယ့်လူစာရင်း စဉ်းစားနေတယ်လို့ ဂူဟေဆွန်း ပြော