သရုပ်ဆောင်လည်းဖြစ်၊ အစီအစဉ် တင်ဆက်သူ တယောက်လည်းဖြစ်တဲ့ ကျော်ထက်အောင်ကတော့ ကိုဗစ်ကာလအတွင်း စိတ်ဓာတ်ခွန်အား ရစရာများကို ဝေမျှနေပြီး Online Class အနေနဲ့လည်း သင်ကြားပေးနေတယ်လို့ သိရပါတယ်။
“ကျနော်က Online Class တွေ လုပ်ပါတယ်။ စိတ်ကျန်းမာရေးအနေနဲ့ သူတို့ကို စိတ်ခွန်အား ပေးတဲ့အနေနဲ့ ဘာသာရပ် တခုအနေနဲ့ ထည့်ပေးထားပါတယ်။ နောက်တခုက ဗုဒ္ဓဟူးနေ့ ၉ နာရီဆိုတိုင်း စာဖတ်ပြတဲ့ အစီအစဉ် ရှိပါတယ်။ အပတ်တိုင်းကို Motivation ဖြစ်စေတဲ့ စာအုပ်တွေ ဖတ်ပြလေ့ ရှိပါတယ်”

“အခုနောက်ဆုံး အဝါရောင် ကမ်ပိန်းမှာလည်း အချက်အလက် ၃ ခုကို ဂီတမှူး ကိုနိုင်ဇော်နဲ့ ပေါင်းပြီးတော့ ဂီတလေးတခု ဖန်တီးထားတယ်။ ဇာတ်လမ်းတို တခုလည်း ရိုက်ထားတယ်။ အဲဒါကတော့ Skynet ရဲ့အကုန်လုံးမှာ ထုတ်လွှင့်နေပါပြီ” လို့ ကျော်ထက်အောင်က ပြောပါတယ်။
မကြာခင် အချိန်မှာ သူ့ရဲ့ Host လုပ်တဲ့ အတွေ့အကြုံတွေကို Talk Show အနေနဲ့ ဝေမျှသွားမယ်လို့ သိရပါတယ်။
“နောက်ထပ် ကျနော့်အနေနဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ သွားမယ့် မီဒီယာအသစ်တခု ရှိပါတယ်။ အဲဒီ မီဒီယာနဲ့ ပေါင်းပြီးတော့ ကျနော့် Background နဲ့ လာတဲ့ Host နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ပေးဖို့ Talk Show အနေနဲ့ စီစဉ်ထားပါတယ်။ ဒီတပတ်အတွင်းမှာ ရိုက်ဖို့ ရှိပါတယ်။ နောက်ထပ် ပါဝင်ခွင့်ရမယ်ဆိုရင်လည်း ကမ်ပိန်းတိုင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်” လို့ ကျော်ထက်အောင်က ပြောပါတယ်။
ကိုဗစ်ပထမလှိုင်းမှာ ကိုယ်တိုင်အနေနဲ့လည်း စိတ်ဆင်းရဲမှုတွေ များခဲ့ပေမယ့် အနုပညာရှင်တယောက်ဖြစ်တာကြောင့် ကြည့်နေတဲ့သူတွေအတွက် ပြန်လည် နိုးထလာခဲ့ရတယ်လို့ ဆိုပါတယ်။
“ပထမလှိုင်းအစမှာတုန်းကတော့ ကိုယ်တိုင်လည်း စိတ်ဆင်းရဲမှုအပေါင်းတွေလည်း အများကြီးပဲပေါ့။ ဒါပေမဲ့လည်း ကျနော်တို့က အနုပညာရှင်တွေ ဖြစ်တယ်။ ကျနော်တို့ကို အားကျပြီး ကြည့်နေတဲ့သူတွေပါ စိတ်မဆင်းရဲအောင် ကျနော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ မူတည်ပြီး ကျနော်တို့က ပြန်လည်နိုးထလာရတဲ့ အပိုင်းတွေ ရှိပါတယ်” လို့ ကျော်ထက်အောင်က ပြောပါတယ်။
လှူဒါန်းမှုအနေနဲ့လည်း တာဝန်ယူထားတဲ့ Brand များနဲ့ ပူးပေါင်းပြီး လှူဒါန်းခဲ့သလို ကိုယ်တိုင်ရဲ့အနုပညာကြေးများနဲ့လည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ကျနော် Brand Ambrassador အဖြစ် တာဝန်ယူထားတဲ့ Brand တွေနဲ့ ပူးပေါင်းပြီးတော့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ ကျနော့်ရဲ့ကိုယ်ပိုင်အနုပညာကြေး ရထားတဲ့ ကိုယ်ပိုင် ငွေသားတွေနဲ့လည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ ကျနော့်ရဲ့ပရိသတ်တွေ လိုက်လုပ်လို့ရအောင် လုပ်ပြတာတွေ ရှိတယ်။ ဖျော်ဖြေရေးအနေနဲ့ လုပ်ပြတာတွေလည်း ရှိပါတယ်” လို့ ကျော်ထက်အောင်က ပြောပါတယ်။

ကျော်ထက်အောင်ကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း “ကျွန်တော့်ကဗျာ ၊ ကျွန်တော့်စာ ၊ ကျွန်တော်ချစ်သောအနုပညာ” ဆိုတဲ့ နာမည်နဲ့ Page မှတဆင့် ခွန်အားဖြစ်တဲ့ စာများကို ဖတ်ပြနေပါတယ်။
You may also like these stories:
ဂီတသမားများ အန္တရာယ်ကင်းကင်း ဖျော်ဖြေနိုင်မယ့် နည်းလမ်း မြင့်မိုးအောင် တောင်းဆို
“မိဘကို လုပ်ကျွေးတဲ့ ကျေးဇူးကြောင့် မကြောင့်မကြ နေရတာ”လို့ ဒိန်းဒေါင် ပြော
စွန့်ပစ်ကလေးကို ၄၃ ယောက်မြောက် သားအဖြစ် မွေးစားလိုက်တဲ့ ခိုင်နှင်းဝေ