New Normal မှာ ဖျော်ဖြေရေးကဏ္ဍအတွက် အွန်လိုင်းကနေ ဖျော်ဖြေ တင်ဆက်နေကြပေမယ့် လူနည်းစုကသာ လုပ်နိုင်ပြီး အကုန်လုံး ဦးမော့နိုင်ဖို့အတွက် အခက်အခဲများစွာ ရှိနေသေးတယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
“COVID–19 ကြောင့် New Normal မှာ လူစုလူဝေးနဲ့ လုပ်လို့မရတော့ အခက်အခဲတွေ အများကြီးရှိတာတော့ မှန်တယ်။ ဒီလိုလုပ်လို့ မရတော့တဲ့အခါမှာ Online Entertainment ကို ရွှေ့ရတယ်။ အဲ့လိုအချိန်မှာ ကိုယ်နိုင်သလောက် Music Video လေးတွေနဲ့ ကိုယ်နိုင်သလောက် ဖျော်ဖြေဖို့အတွက် ကြိုးစားတဲ့အခါမှာလည်း ၅ ယောက်ထက် ပိုမစုရဘူးလို့ ဆိုတဲ့အခါမှာလည်း ၅ယောက်ထက် ပိုမစုဘဲနဲ့ ရိုက်နိုင်ဖို့အတွက် သေချာ စည်းကမ်းတကျ လိုက်နာပြီးတော့ ရိုက်ကြပါတယ်။ နောက်ပြီး လူ ၃၀ ထက်မပိုရဘူးဆိုတဲ့ အချိန်မှာလည်း သေချာလေး ရိုက်ကြပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဆက်လက်ပြီး “တဖက်က ဖြူဖြူတို့ တတ်နိုင်သလောက် ဖျော်ဖြေရေးတွေကို အကန့်အသတ်လေးတွေနဲ့ အသက်ဝင်အောင် ကြိုးစားပြီး လုပ်ကြပါတယ်။ ဒါပေမဲ့ ဒါကလူနည်းစုကပဲ လုပ်နိုင်တာပါ။ အကုန်လုံး ဦးမော့ပြီး လုပ်နိုင်ဖို့အတွက်က အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ကိုဗစ်နဲ့ ပတ်သက်ပြီးတော့လည်း ဆိုရှယ်မီဒီယာ ကမ်ပိန်းအနေနဲ့သာ လက်ခံဖြစ်တာများပြီး ကိုယ်တိုင်ကိုယ်ကျ ရပ်ကွက်ထဲဆင်းပြီး လုပ်ဖို့အတွက် အကန့်အသတ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
“အလုပ်တွေ လက်ခံလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာ ကမ်ပိန်းတွေ အထူးသဖြင့် ကိုဗစ်အတွက် Awarness ကမ်ပိန်းတွေ လုပ်တဲ့အခါမှာလည်း ဆိုရှယ်မီဒီယာ ကမ်ပိန်းအနေနဲ့ သွားနိုင်တာ များပါတယ်။ အဲ့အတွက်လည်း သိပ်အားမရပါဘူး။ ရပ်ကွက်ထဲ ဆင်းပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းတာတွေ တခြားကိစ္စရပ်တွေ လုပ်ဖို့အတွက်က ဖြူဖြူအတွက် အကန့်အသတ်တွေ အများကြီး ရှိတယ်”
“ကိုယ်လုပ်ပေးနိုင်တာက ဘယ်နေရာကလဲဆိုရင် ကိုယ့်အတွက် Facebook ဆိုရှယ်မီဒီယာကနေပြီး ကျန်းမာရေးဝန်ကြီးဌာန ၊အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့လည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတွေ၊ အင်တာဗျူးတွေ၊ သီချင်းတွေ၊ ဂီတ ညီအစ်ကို မောင်နှမတွေနဲ့ ပူးပေါင်းပြီးတော့ သီချင်းတွေ ဆိုပေးခဲ့တာတွေလည်း ရှိပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
မိဘများကလည်း အသက် ၇၅ နှစ်အထက် ဖြစ်တာကြောင့် ကိုဗစ် စကတည်းက မိဘများနဲ့ အိမ်ခွဲနေဖြစ်တယ်လို့ သိရပါတယ်။
“အခု လောလောဆယ်မှာတော့ ဖြူဖြူက လက်ဆေးတဲ့ ကမ်ပိန်းရယ်၊ မကြာခင်မှာ ပြတော့မယ့် Family Hero ကမ်ပိန်းမှာလည်း ပါဝင်ပေးထားပါတယ်။ အကုန်လုံးကိုလည်း သက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းပေးနေပါတယ်။ ဖြူဖြူတို့ ခရစ္စမတ်နဲ့ New Year မှာဆိုရင်လည်း ခရစ်ယာန်အစည်းအဝေးတွေ ဆုတောင်းဝတ်ပြုပွဲတွေကို Zoom Meeting တွေနဲ့ အွန်လိုင်းကနေပဲ ကြိုးစားပြီးလုပ်ခဲ့ကြပါတယ်။ လူစုလူဝေးအပြင်မှာ မဖြစ်ဖို့အတွက်ပေါ့။ ကျန်းမာခြင်းဆုနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဒီအကြောင်းအရာတွေကိုတော့ အဆိုတော် ဖြူဖြူကျော်သိန်းက ကျန်းမာရေးဝန်ကြီးဌာနနဲ့ Zoom Meeting မှ တဆင့် ပြုလုပ်ခဲ့တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်ပေးကြသော အနုပညာရှင်များအား တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားခြင်း အစီအစဉ်မှာ ထည့်သွင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
Host လုပ်တဲ့ အတွေ့အကြုံတွေကို Talk Show အနေနဲ့ ဝေမျှမယ့် ကျော်ထက်အောင်
“၂၀၂၀ က ကံဆိုးတဲ့ နှစ်တနှစ်”လို့ နေတိုး ပြော
ဂီတသမားများ အန္တရာယ်ကင်းကင်း ဖျော်ဖြေနိုင်မယ့် နည်းလမ်း မြင့်မိုးအောင် တောင်းဆို