ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး မိုးဒီဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး ဒီဇင်ဘာလအတွင်းမှာ ရောဂါ ပျောက်ကင်းသက်သာကာ လက်ရှိမှာတော့ ကျန်းမာရေး ပြန်ကောင်းနေပြီလို့ သိရပါတယ်။
“ကျန်းမာရေးကတော့ ဆေးရုံက ဆင်းလာတာထက်စာရင် တိုးတက်လာတယ်ပဲ ပြောရမှာပေါ့။ ပရိသတ်ရဲ့ မေတ္တာ၊ ဆရာဝန်များရဲ့ စေတနာကြောင့် အားလုံး ဝိုင်းဝန်းပြီး မေတ္တာ၊ စေတနာထားလို့၊ ကုသပေးကြ၊ ထောက်ပံ့ပေးကြလို့ နည်းနည်းတော့ ကျန်းမာရေး ကောင်းလာပါပြီ”လို့ မိုးဒီက ဧရာဝတီကို ပြောပါတယ်။
အနုပညာအလုပ်များလည်း အရင်လို ပြန်လုပ်ကိုင်ခွင့်ရမယ်ဆိုရင် လုပ်ချင်သေးတယ်လို့ ဆိုပါတယ်။
“အနုပညာကတော့ ပြန်လုပ်လို့ရရင် လုပ်မှာပါ။ တကယ်လို့ လုပ်ခွင့် မရရင် မတတ်နိုင်ဘူး။ အနုပညာသမား ဒါလေးပဲ လုပ်တတ်တာ။ ခုံပေးတော့ တက်လိုက်ချင်သေးတာပေါ့။ မုန့်ဟင်းခါးခြောက် လုပ်ငန်းက သားက လုပ်ကိုင်နေတယ်။ အဲ့ဒါလေးလည်း ရောင်းနေပါတယ်”လို့ မိုးဒီက ပြောပါတယ်။
ယခင်က ဘဝမှတ်တိုင် တခုဖြစ်တဲ့ အကယ်ဒမီ ရွှေကြယ်ကို ရောင်းဖို့ စီစဉ်ထားပေမယ့် ဆရာကြီး ဒေါက်တာ ကံဦး ပြောစကားကြောင့် မရောင်းဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“အကယ်ဒမီ ရွှေကြယ်လေးကတော့ သူ့ကို မရောင်းဖို့ တော်တော်များများ ပြောကြတာပေါ့။ ပြောတဲ့ ထဲမှာ ဆရာကြီး ဒေါက်တာ ကံဦးဆိုတာ သူကလည်း ဆရာဝန်ကြီး၊ သူက ပြောတယ်။ သူလည်း လူရည်ချွန် တံဆိပ် ရဖူးတယ်။ အဲ့တော့ ကျနော် ကိုမိုးဒီ ဒီရွှေကြယ်ဆိုတာ ခင်ဗျား ထူးချွန်လို့ ရခဲ့တာ အခုရောင်းလိုက်လို့ နောက်ထပ် ခင်ဗျား ပိုက်ဆံ ရှိလို့ ပြန်လုပ်လည်း ခင်ဗျားရတဲ့ ရွှေကြယ် မဟုတ်တော့ဘူးတဲ့”
“အဲ့တော့ မရောင်းပါနဲ့ပြောတယ်။ သူကလည်း ထောက်ပံ့ပါတယ်။ ဆန်အိတ်တွေ၊ ငွေတွေ ထောက်ပံ့တယ်။ မရောင်းပါဘူးဆိုပြီး သူ့လည်း ပြောထားတယ်။ မရောင်းဖြစ်အောင်တော့ ကြိုးစားနေရတာပေါ့။ နောင်လာနောက်သားတွေ သူတို့အဖေ ရခဲ့တဲ့ ထူးချွန်ဆုဆိုပြီး ရှိအောင်၊ သိအောင် အမှတ်တရ လေး ထားမယ်။ ရှိတာလေးနဲ့ ထောက်ပံ့ကြေးနဲ့ အခုတော့ ရပ်တည်နေတာပေါ့”လို့ မိုးဒီက ပြောပါတယ်။
ဝါရင့် လူရွှင်တော်၊ သရုပ်ဆောင် မိုးဒီဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ကျရာ ကဏ္ဍကနေ ပီပြင်စွာ ပါဝင် သရုပ်ဆောင်ခဲ့သူပါ။ မိုးဒီဟာ “ကိုးဆယ်ဆ သာလိမ့်မယ်” ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး ဇာတ်ပို့ သရုပ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
လူရွှင်တော် မိုးဒီနဲ့ ဧရာ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရ
ဖခင် မိုးဒီရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြတဲ့ ကောင်းစံ
“ဖခင် မိုးဒီမှာ ရောဂါအခံ ရှိတာကြောင့် စိတ်ပူတယ်”လို့ သားဖြစ်သူ ကောင်းစံ ပြော