မင်းသား Rowan Atkinson ဟာ သူ့ရဲ့ ကမ္ဘာကျော်ဇာတ်ကောင် Mr. Bean ရဲ့ ကာတွန်းရုပ်ရှင်မှာ သူပါဝင်နေကျ ဇာတ်ကောင်နေရာကနေ အသံသရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။
မင်းသား Atkinson က ရုပ်ရှင် ထုတ်လုပ်တဲ့နေရာမှာ သူလည်း တထောင့်တနေရာက ပါဝင်နေတဲ့အကြောင်း Radio Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အများထင်နေသလို Mr. Bean နေရာမှာ သရုပ်ဆောင်ရတာဟာ ထင်သလောက် ပျော်ဖို့မကောင်းဘူးလို့ သူက ဆိုပါတယ်။
“ရုပ်ပြတာထက် အသံနဲ့ အဲ့ဒီဇာတ်ကောင်ကို သရုပ်ဆောင်ရတာ ကျနော့်အတွက်တော့ ပိုလွယ်ပါတယ်။ သူ့နေရာမှာ သရုပ်ဆောင်ရတာ ကျနော်ကတော့ သိပ်မပျော်ရွှင်ရပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုရဲ့ ဝန်အလေးအချိန်က မသက်သာလှပါဘူး။ ဖိအားများတာ၊ ပင်ပန်းတယ်ဆိုတာကို ကျနော်သိခဲ့ရတယ်။ ပြီးမြောက်ဖို့ပဲ ကျနော်မျှော်လင့်ခဲ့တယ်” လို့ မင်းသားက Deadline မီဒီယာကို ပြောဆိုခဲ့ပါတယ်။
ကာတွန်းရုပ်ရှင်ကတော့ မင်းသား Atkinson အတွက် စီမံခန့်ခွဲကိုင်တွယ်ဖို့ တာဝန် ပိုလွယ်ကူတယ်လို့လည်း ဆိုပါတယ်။ အခုလိုမျိုး အန်နီမေးရှင်း ကာတွန်းပုံစံနဲ့ ရိုက်ကူးရတာာ ထုတ်လုပ်ရေးအဖွဲ့အတွက် ပိုမိုလွယ်ကူပြီး ရုပ်ရှင်ကို မြန်မြန်ဆန်ဆန် ပြသနိုင်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ Live-Action လိုမျိုး လူသားသရုပ်ဆောင်တွေနဲ့သာ ဖန်တီးမယ်ဆိုရင် အခုလို ကပ်ရောဂါကာလမှာ နှောင့်နှေးမှုတွေနဲ့ ကြုံတွေ့ရနိုင်လို့ ဖြစ်ပါတယ်။
မင်းသား Atkinson က သူ့ရဲ့ဇာတ်ကောင်အတွက် မျှော်လင့်ချက်ကတော့ ရိုးရှင်းပါတယ်။ သူ့အနေနဲ့ တကယ်လို့သာ ဒီကာတွန်းရုပ်ရှင် ပြီးသွားမယ်ဆိုရင်တောင် Mr.Bean လူ သရုပ်ဆောင်နေနဲ့ ပြန်လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
မင်းသားအနေနဲ့ သူ့ရဲ့ ကမ္ဘာကျော် ဇာတ်ကောင်နေရာမှာ ပြန်သရုပ်ဆောင်မှာ မဟုတ်ဘူးဆိုတဲ့ ကိစ္စက အဲ့ဒီရုပ်ရှင်စီးရီးရဲ့ အဆုံးသတ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း Mr.Bean နေရာမှာ သရုပ်ဆောင်ဖို့ တခြားသရုပ်ဆောင်တွေကို တာဝန်ပေးနိုင်တာမျိုး ရှိနိုင်ပေမယ့် မင်းသား Atkinson လိုမျိုး ပရိသတ်အပေါ် ဆွဲဆောင်နိုင်မှု မတူနိုင်ဘူးလို့ သုံးသပ် ပြောဆိုနေကြပါတယ်။
Ref:asiaone
You may also like these stories:
အကောင်းဆုံး ဇာတ်ပို့ မင်းသမီး ဆန်ခါတင် စာရင်းဝင်ဖို့ တစ်ပြေးနေတဲ့ Youn Yuh-jung
“နေတိုးနဲ့ တွဲရိုက်ချင်တာ ငယ်စဉ်က အိပ်မက်ပါ”လို့ အေးမြဖြူ ပြော
ကိုဗစ်ကာလ သဘင်ပညာရှင်များရဲ့ အခက်အခဲနဲ့ လုပ်ဆောင်မှုများ