၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး ဧရာဝတီစင်တာမှာ ဆေးကုသမှု ခံယူခဲ့တဲ့ လူရွှင်တော်ကြီး မိုးဒီဟာ ရောဂါဖြစ်စဉ်က အတွေ့အကြုံများကို အခုလိုပဲ ပြောပါတယ်။
“ဘဘ အိမ်ပေါ်က အိမ်အောက် မဆင်းဘူး။ ဘယ်ကနေ ကူးသွားမှန်းမသိဘူး။ သွားစစ်ပြီး ဟိုကို ရောက်တဲ့ တရက်လောက်ပဲ သတိရတယ်။ ကျန်တဲ့ ရက်တွေက ရူးသွားသလိုပဲ။ ဘဘ အမြဲ ပုတီးစိပ်တယ်။ ဘုရားရှိခိုးတယ်။ အဲ့ဒါတွေ တခုမှ စဉ်းစားလို့ မရဘူး။ ဘဘ အိပ်မက်တွေလို တကယ်လိုလို လာဆွဲနေကြတာ”
“ဘေးမှာကလည်း တယောက်ပြီး တယောက် သေနေကြတာလေ။ ပထမ ခုတင် ၁၄ အေးတာနဲ့ နံပါတ် ၃ ကို ရွှေ့လိုက်တာ ခုတင် နံပတ် ၁ နဲ့ ၂ ကချည်း သေနေတာ။ သေသွားပြီဆိုတာနဲ့ တခါတည်း ပတ်ပြီး ယူသွားတာ။ ထိန်ပင် တန်းပို့ရမှာ။ ကူးမှာစိုးလို့ ထားလို့ မရဘူး ပြောတယ်”လို့ မိုးဒီက ပြောပါတယ်။
ကိုယ်တိုင်ကလည်း သတိရလိုက်၊ မရလိုက်ဖြစ်နေတာကြောင့် စိတ်လျှော့ထားခဲ့ရတယ်လို့ ဆိုပါတယ်။
“ငါ့အလှည့်ကျရင် ငါ့သားသမီးတွေနဲ့ ငါ မတွေ့ရတော့ပါဘူး။ သူတို့လည်း ကန်တော့ခွင့်မရဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်လျှော့ထားတာ။ တညမှာ နီနီကောင်တွေ လာဆွဲကြတယ်။ ဘဘက သေမှာလား။ သေခြင်း ဟိုဘက် ဘာရှိလဲ သိချင်တယ်။ ဘဘကိုလည်း ဘာမှမပြောဘူး။ သတိရလိုက် မရလိုက် ဖြစ်နေတာ”လို့ မိုးဒီက ပြောပါတယ်။
အသက်အရွယ်အားဖြင့်လည်း သေနိုင်တာကြောင့် တော်တော်လေး ဂရုစိုက်လိုက်ရတယ်လို့ မိုးဒီက ဆိုပါတယ်။
“ကိုယ်ရောက်သွားတဲ့ အဆောင်က မိုးလင်းမှန်းမသိ၊ မိုးချုပ်မှန်းမသိ နေ့တွေ ညတွေလည်း ပျောက်နေတာပေါ့။ ဆန်ပြုတ်ပဲ စားပြီး အသက်ရှင်နေတာပဲ သိတယ်။ ဘယ်တော့ သေမလဲပဲ စောင့်နေရတာ။ ဘဘကို ထားတဲ့ နေရာက စိတ်မချရတဲ့ ၆၀ နဲ့ ၇၅ကြား ရောဂါအခံရှိတဲ့သူတွေ ထားတဲ့ နေရာ၊ ဘဘက နှလုံးကလည်း အားနည်းတယ်။ ဆီးချို သွေးချိုကလည်း ရှိတယ်”
“ကျောက်ကပ်ကလည်း တလုံးပဲ ရှိတော့ အားနည်းတယ်။ ဘဘက အစွန်းရောက်နေပြီပေါ့။ အသက်အရွယ်အားဖြင့်ကလည်း သေနိုင်တဲ့ အထဲမှာ ပါတယ်။ ရောဂါအခံတွေကလည်း ရှိတော့တော်တော်လေး ဂရုစိုက်လိုက်ရတယ်။ အနားမှာလည်း သေတော့ သေခြင်းလည်း သိပ်ဆန်းတယ် မထင်ဘူး။ ဘဘ သေမှာလည်း မကြောက်ဘူး။ ရှင်မလားလည်း မသိဘူး”လို့ မိုးဒီက ဆိုပါတယ်။
ကျန်းမာရေး ပြန်ကောင်းသွားချိန်မှာတော့ အိမ်ပြန်ခွင့်ရခဲ့ပြီး ဆေးကုသမှု ခံယူစဉ်မှာ ဝိုင်းပြီး စောင့်ရှောက်ပေးကြသူများ၊ ဂရုစိုက်ပေးကြသူများကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
“Volunteer တွေလည်း တော်တော် သနားဖို့ ကောင်းပါတယ်။ ဘဘ ကောင်းသွားတော့ ပြန်လို့ရပြီ။ အိမ်မှာ ၇ ရက် နေရမယ်။ နောက် ပြန်လည် ပြသခြင်း လုပ်ဆောင်ခဲ့ရတယ်။ ဘဘကို ဝိုင်းဝန်း ကြိုးပမ်း ကုသပေးသူတွေရော၊ အစားအသောက်တွေ ပို့ပေးသူတွေရော၊ ဆုတောင်းပေးနေသူတွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်”လို့ မိုးဒီက ပြောပါတယ်။
ဝါရင့် လူရွှင်တော်ကြီး၊ သရုပ်ဆောင် မိုးဒီဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ကျရာ ကဏ္ဍကနေ ပီပြင်စွာ ပါဝင် သရုပ်ဆောင်ခဲ့သူပါ။ မိုးဒီဟာ “ကိုးဆယ်ဆ သာလိမ့်မယ်” ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့လည်း အကောင်းဆုံး ဇာတ်ပို့ သရုပ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့သူ ဖြစ်ပါတယ်။