လူရွှင်တော်အသင်းရဲ့ ဥက္ကဋ္ဌ တာဝန်ကို သုံးကြိမ်မြောက် တာဝန်ယူ လုပ်ကိုင်နေတဲ့ ဒိန်းဒေါင်က စည်းမျဉ်းတွေ အနည်းငယ် ပြောင်းပြီး လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
“ကျနော်ဥက္ကဋ္ဌ ငါးနှစ် သုံးကြိမ်မြောက်မှာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ဒီနှစ်တော့ မြို့နယ် မြို့နယ်တွေကို ခွဲပေးလိုက်တယ်။ လုပ်ပိုင်ခွင့် ပေးလိုက်တာပေါ့။ ကောင်းတယ်လို့ ထင်တယ်။ လူရွှင်တော်တွေ တော်တော် စည်းလုံးလာတယ်။ ကျနော်က လူရွှင်တော်အစစ်၊ လူရွှင်တော်ကို ထိလို့မရဘူး။ ကျနော်တို့ အသင်းတွေ ဖွဲ့တာ များပြီ။ အခုလို ဖွဲ့ပေးလိုက်တော့ သူတို့တွေလည်း စလုပ်မှာဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။ ကျနော် အခု စည်းမျဉ်းလေးတွေတော့ နည်းနည်း ပြောင်းထားတယ်”လို့ လူရွှင်တော် ဒိန်းဒေါင်က ပြောပါတယ်။
လူရွှင်တော် အသင်း ဖွဲ့စည်းထားတဲ့ ရည်ရွယ်ချက်အကြောင်းကိုလည်း ဒိန်းဒေါင်က အခုလိုပဲ ဆိုပါတယ်။
“မြန်မာနိုင်ငံ လူရွှင်တော်အသင်းအတွက် ကြိုးစားထားတာတွေ ရှိတယ်။ ပြောပြီး မဖြစ်ရင် လူကြီးမပီသဘူး ဖြစ်မှာစိုးလို့။ အခုကတော့ Page လေးတခု ထောင်ပြီး အငြိမ့်တွေ ရိုက်မယ်။ နောက်အသင်းပိုက်ဆံနဲ့ သက်ကြီး ဘိုးဘွားရိပ်သာ စဆောက်နေပါပြီ။ လူရွှင်တော်အသင်း ရည်ရွယ်ချက်က သက်ကြီး လူရွှင်တော်တွေ ကန်တော့ဖို့၊ ကျန်းမာရေး မကောင်းတဲ့သူတွေနဲ့ အသင်းသားတွေ ကူညီဖို့၊ နောက် နာရေးကူညီဖို့ ဖွဲ့ထားတာပါ”လို့ ဒိန်းဒေါင်က ပြောပါတယ်။
“လူရွှင်တော်” ဆိုတဲ့ နာမည်ကိုသုံးပြီး လုပ်နေကြတဲ့ အသင်းတွေလည်း ရှိပြီး လူရွှင်တော်အသင်းက စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
“လူရွှင်တော် ဆိုတဲ့ နာမည်ကို သုံးပြီး လုပ်နေတဲ့ လူရွှင်တော် အသင်းတွေ ရှိတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဝင်လို့ရတယ်။ ကျနော်တို့ကတော့ မေတ္တာသမားတွေ၊ ငါတို့ လူရွှင်တော် အသင်းကို ဝင်ထားလို့ ဗီဒီယို ခေါ်မရိုက်ဘူးတို့၊ ရုပ်ရှင် ခေါ်မရိုက်ဘူးတို့ ကျနော်တို့ အသင်းထဲ ဝင်ခွင်မပြုဘူးတို့ မပါဘူး။ ကြိုက်တဲ့သူဆီ ဝင်ပါ။ လူရွှင်တော် အသင်းက စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး”လို့ ဒိန်းဒေါင်က ပြောပါတယ်။
လူရွှင်တော်အသင်းကို ဝင်ဖို့လည်း မမြူဆွယ်ဘူးလို့ ဆိုပြီး ဒီအသင်းဝင်လို့ ဘာမှ အကျိုးအမြတ် ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“လူရွှင်တော်အသင်း ဝင်လို့ ဘာမှ အကျိုးအမြတ်ရမှာ မဟုတ်ဘူး။ ကျနော်တို့ အသင်းကို ဝင်ပါဆိုပြီးတော့လည်း ဘာမှ မမြူဆွယ်ဘူး။ မြေကွက်ရမယ်တို့၊ အလုပ်ရမယ်တို့၊ ဇာတ်လမ်း ရိုက်ရမယ်တို့ မမြူဆွယ်ဘူး။ လူရွှင်တော် အသင်းကတ် ကိုင်ထားတယ်။ ထောက်ပံ့တာကို ယူတယ်။ တကယ်တမ်းလုပ်မယ်ဆိုလို့ ရှောင်နေရင် မြို့နယ်က ကြိုက်တဲ့သူ ဖြုတ်လို့ ရတယ်”လို့ ဒိန်းဒေါင်က ပြောပါတယ်။
ဒိန်းဒေါင်ဟာ လူရွှင်တော်အသင်းရဲ့ ဥက္ကဋ္ဌအနေနဲ့ တာဝန် ထမ်းဆောင်နေပြီး ကိုဗစ်ကာလ အတွင်းမှာလည်း “ချွန်တွန်း” ပရဟိတအသင်းကို တည်ထောင်ကာ လှူဒါန်းမှုများစွာ ပြုလုပ်နေပါတယ်။