Music video တွေ၊ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ဖန်တီးတတ်တဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က BL (Boy Love) စီးရီး ရိုက်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပွင့်တို့ လုပ်ထားတဲ့ Plan တွေက အများကြီးပဲ။ ကိုဗစ်ကြောင့် ရွှေ့လိုက်ရတာ။ ရုပ်ရှင်ဆို မရိုက်ရသေးဘူး။ အခုတော့ Music video တွေ၊ စီးရီးတွေတော့ ရိုက်တယ်။ ရုပ်ရှင် မရိုက်ရသေးတော့ Music video တွေ၊ စီးရီးတွေပဲ ရိုက်ဖြစ်ဦးမယ်။ သင်္ကြန်မှာတော့ ရိုက်ဖို့ တည်ထားတာတွေ ရှိတယ်”
“ဇာတ်လမ်းတွဲ My dear you ရိုက်နေတယ်။ အဲ့ဒါလေး တခုတော့ ရှိတယ်။ My dear you က BL Series ပေါ့။ အဲ့ဒါက အွန်လိုင်းမှာတော့ Promo အနေနဲ့ တင်တော့ လူနည်းနည်း သိတယ်။ သေချာလေး လုပ်ထားတယ်။ ရိုက်တဲ့အခါမှာလည်း အကောင်းဆုံး လုပ်ထားတယ်”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
BL series ရိုက်မှာလို့ပြောချိန် လူကြီးတွေက ဝေဖန်ကြပေမယ့် အနုပညာတခုလို့ပဲ မြင်စေချင်တယ်လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။

“အခုနောက်ပိုင်း ဒီလို BL series က ဘာမှ မဟုတ်တော့သလို ဖြစ်လာပါပြီ။ ကိုယ်ဒီလို စီးရီး ရိုက်မယ်ဆိုတော့ လူကြီးတွေက ပြောတာတော့ ရှိတယ်။ ဘာပြောပြော ပွင့်က ခေါင်းထဲ မရှိဘူး။ ပွင့်အတွက် စီးရီးတခုလို့ပဲ မြင်တယ်။ အနုပညာတခုလို့ပဲ မြင်တယ်။ BL လို့လည်း မမြင်ဘူး”
“ပွင့်က အရင်ကတည်းက ဒီလို စီးရီး ရိုက်ချင်စိတ် ရှိတယ်။ အဲ့ဒါကြောင့်လည်း ရိုက်ဖြစ်သွားတာပါ။ ဘာပဲပြောပြော ယောကျာ်းလေး နှစ်ယောက်လို့ မမြင်ဘဲ လူ နှစ်ယောက်လို့ပဲ မြင်လိုက်ရင်တော့ ဘာမှ ထွေထွေထူးထူး မဟုတ်ဘူးလို့ ထင်တယ်”လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
ပုံမှန် မင်းသားနဲ့ မင်းသမီး ရိုမန့်စ်ကိုပဲ ရိုက်နေကျ ဖြစ်တာကြောင့် ပထမဆုံး BL စီးရီး ရိုက်တဲ့အခါမှာ စိန်ခေါ်မှု ရှိလားဆိုတာကိုလည်း အခုလိုပဲ ပြောပါတယ်။

“စိန်ခေါ်မှုဆိုတာထက် စီးရီးလေးထွက်လာရင် ကြိုက်မှကြိုက်ပါ့မလား ဆိုတာတော့ ရှိတယ်။ ပွင့်အတွက်ကလည်း ပထမဆုံး BL စီးရီးဆိုတော့ စိန်ခေါ်မှု ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ပုံမှန်က မင်းသား၊ မင်းသမီး ရိုမန့်စ်ကို ရိုက်နေတာ။ အခုက ကောင်လေး နှစ်ယောက်ဆိုတော့ ဘယ်လို လုပ်မလဲ ဆိုတာတွေတော့ ရှိတယ်”လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
BL series ရိုက်ကူးမှ ဝေဖန်ခံရတာ မဟုတ်ဘဲ အခြားကားတွေ ရိုက်ရင်လည်း ဝေဖန်ခံရတာပဲလို့ ဆိုပါတယ်။
“ဝေဖန်မှုကလည်း ဒီကားရိုက်မှ မဟုတ်ဘူး။ တခြားကားတွေ ရိုက်ရင်လည်း ဝေဖန်ခံရတာပဲ။ ကိုယ့်မကြိုက်တဲ့သူကတော့ မကြိုက်သလိုပဲ သွားနေမှာပဲ။ ပွင့်အရင်က Comment တွေ ဖတ်ပြီးတော့ ၃ ရက်လောက် စားမဝင် အိပ်မပျော် ဖြစ်တယ်။ နောက်ပိုင်း တော်တော် နေတတ်လာတယ်”
“BL လည်း သူတို့ မင်းသားတွေကို ချစ်ကြတယ်။ မကောင်းရင်တော့ မကောင်းသလို ပြောကြမှာပဲ။ ကောင်းအောင် လုပ်ထားတော့ အားပေးကြမယ်လို့ ထင်ပါတယ်။ အရမ်းစိုးရိမ်နေတာတော့ မရှိပါဘူး”လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရဲ့ သမီး ဖြစ်ပါတယ်။ အမျိုးသမီး ဒါရိုက်တာ တဦးဖြစ်တဲ့ ပွင့်သိင်္ဂီဇော်က “အခမ်းနားဆုံး မေတ္တာ” ၊ “မြက်နု” စတဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးထားပြီး ရိုမန့်စ်ဖြစ်တဲ့ Music Video များလည်း ရိုက်ကူးနေသူ ဖြစ်ပါတယ်။
You may also like these stories:
လူရွှင်တော်အသင်းရဲ့ စည်းမျဉ်းတွေအကြောင်း ပြောပြတဲ့ ဒိန်းဒေါင်
ကိုဗစ်ရောဂါ ကုသစဉ်က အတွေ့အကြုံတွေကို ပြောပြလာတဲ့ မိုးဒီ
တေးရေးအသစ်တွေဆီက သီချင်းတွေနဲ့ တကိုယ်တော်ခွေ ထုတ်မယ့် နီနီခင်ဇော်