Music Video များကို စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ အခုနောက်ပိုင်းမှာ ပိုပြီး ဖန်တီးဖြစ်လာတဲ့ သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုးကတော့ Music Video တပုဒ်ထွက်တိုင်း ပွဲဆူခဲ့တာကိုလည်း တွေ့ရမှာပါ။ ကိုယ်တိုင်ကတော့ ပွဲဆူမှာကို ကြောက်ပြီး ပွဲဆူပါစေ ဆိုတဲ့စိတ်နဲ့ ဖန်တီးခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
“ဒီ မင်းအနားမှာ သီချင်းစရကတည်းက အရမ်း Heart ထိတဲ့ သီချင်းပေါ့။ ဆိုဖို့လည်း စိတ်ခံစားမှုတွေအရလည်း ဆိုဖို့အရမ်းကြိုးစားခဲ့ရတဲ့ သီချင်း၊ ဒီသီချင်းစဖြစ်ကတည်းက ကိုဝေကြီး ရေးထားတဲ့ အကြောင်းအရာတွေ စကားလုံးတွေက အရမ်းထိတယ်။ ကိုဝေကြီးကလည်း ဒီသီချင်းလေးကို ထွက်စေချင်တာကြာပါပြီ။ နန်းဆုကတော့ နှစ်သစ်ကျမှပဲ ဒီသီချင်းလေးကို ထုတ်ဖြစ်တာပေါ့”
“အခြေအနေအကြောင်းကြောင်းကြောင့် ဒီသီချင်းကို မထွက်ဖြစ်ဘူး။ ပွဲဆူမှာတွေ ဘာတွေလည်း စိုးတာကြောင့်။ အခုဆို ၂၀၂၁ လည်းရောက်သွားပြီဆိုတော့ အခုမှ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ထုတ်နိုင်တဲ့ သီချင်းပေါ့” လို့ နန်းဆုရတီစိုးက ပြောပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ တေးရေးဝေကြီး ရေးသားထားတဲ့ “မင်းအနားမှာ” သီချင်းရဲ့ Music Video ထွက်ရှိမှာဖြစ်ပြီး ဒီသီချင်းအတွက် စိတ်ခံစားမှုများစွာရှိတယ်လို့ သိရပါတယ်။
“ဒီ Music Video ထဲမှာ လူအင်အား၊ ငွေအင်အားတွေ၊ ကုန်ကျစရိတ်တွေလည်း အများကြီး အကုန်ခံပြီးတော့ ရိုက်ထားရတဲ့ Music Video လည်း ဖြစ်တယ်။ နန်းဆု ဒီသီချင်းပေါ်မှာ ခံစားချက် အရမ်းရှိတယ်။ အဲဒါကြောင့် ကိုယ်တိုင်ဝင်ပါပြီး ဖန်တီးချင်တဲ့စိတ် အပြည့် ရှိပါတယ်” လို့ နန်းဆုရတီစိုးက ပြောပါတယ်။
Music Video တပုဒ် ထွက်လာရင် ဘယ်သီချင်းမဆို ပွဲဆူတာဖြစ်ပြီး အသည်းကွဲသီချင်းတိုင်းကို တကယ့် အစစ်အမှန်ဘဝနဲ့ နှိုင်းယှဉ်ပြီး အပြောခံရတယ်လို့ ဆိုပါတယ်။
“ဆိုရှယ်မီဒီယာခေတ်ဆိုတော့ အမြင်တွေက မျိုးစုံ ရှိနိုင်တယ်။ ပြောမယ်ဆိုရင် ဆွဲပြောရင်လည်း ပြောတာတွေရှိမှာပေါ့။ သီချင်းကတော့ ဘယ်သီချင်းဆိုဆို ပွဲဆူတာဆိုတော့လေ။ နန်းဆုရဲ့ပရိသတ်တွေကလည်း မိန်းကလေး ပရိသတ်တွေ များတယ်။ သူတို့ကလည်း Feel ချင်ကြတယ်။ နန်းဆု ကိုယ်တိုင်ကလည်း အသည်းကွဲသီချင်းတွေ ဆိုတာများတယ်ဆိုတော့ တိုက်ဆိုင်မှုတွေ ရှိတာတို့ ဘာတို့ဆိုရင် ပြောစရာတွေ ဖြစ်သွားကြတဲ့ သီချင်းတွေလည်း အများကြီးရှိတယ်ဆိုတော့ နန်းဆုကတော့ အဲဒီလို သီချင်းထွက်တိုင်း ဇာတ်လမ်း အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးအပြောခံနေရတဲ့အတွက် အသည်းကွဲသီချင်းရိုက်တာဆိုတော့ တကယ့်အစစ်နဲ့ နှိုင်းယှဉ်ပြီး ပြောကြတဲ့သူတွေလည်း ရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နန်းဆုသီချင်းကို စိတ်ဝင်စားပြီး ဝေဖန်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခံနိုင်ရည်လည်း ရှိသွားပါပြီ” လို့ နန်းဆုရတီစိုးက ပြောပါတယ်။
သီချင်းထွက်ပြီဆိုရင် ပွဲဆူပါစေ၊ ပေါ်ပြူလာ ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ ထုတ်ခဲ့တာမျိုး မရှိဘဲ ပရိသတ်ရဲ့ချစ်ခင်မှု၊ စိတ်ဝင်စားမှုနဲ့ ဆိုင်တယ်လို့ ဆိုပါတယ်။
“နန်းဆုကလေ အမှန်အတိုင်း ပြောရရင် ပွဲဆူရမှာ အရမ်းကြောက်တယ်။ Newfeeds မှာ တက်လာပြီ။ ကိုယ့်သတင်းတွေ ပြောလာပြီးတော့ ပွဲတွေဆူနေပြီဆို အရမ်းကြောက်တယ်။ နန်းဆုက သီချင်းတွေထွက်လာပြီဆို ပွဲဆူပါစေတော့၊ ပေါ်ပြူလာ ဖြစ်ပါစေတော့ဆိုပြီး ထုတ်ခဲ့တာ တခုမှ မရှိဘူး။ ဒါစိတ်ရင်းအမှန်နဲ့ ပြောတာပေါ့။ ဒါပေမဲ့ နန်းဆု သီချင်းထွက်တိုင်း ပရိသတ်ရဲ့ချစ်ခင်မှုနဲ့လည်းဆိုင်တယ်။ သူတို့ရဲ့စိတ်ဝင်စားမှု မြင့်တက်တာနဲ့လည်း ဆိုင်တယ်လို့ ထင်ပါတယ်။ နန်းဆု သူတို့အပေါ်မှာ ထားထားတဲ့ စေတနာ ရောင်ပြန်ဟပ်တယ်လို့ ထင်ပါတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။
နန်းဆုရတီစိုးကတော့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှတဆင့် သူ့ရဲ့ပရိသတ်တွေအတွက် သီချင်းအသစ်များ၊ Music Video များကို ဖန်တီးပေးနေပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာလည်း “မင်းအနားမှာ” Music Video ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
လူရွှင်တော်အသင်းရဲ့ စည်းမျဉ်းတွေအကြောင်း ပြောပြတဲ့ ဒိန်းဒေါင်
တေးရေးအသစ်တွေဆီက သီချင်းတွေနဲ့ တကိုယ်တော်ခွေ ထုတ်မယ့် နီနီခင်ဇော်
“Fast And Furious 9” မှာ ကားမောင်းခွင့်ရမယ့် မင်းသမီးကြီး Helen Mirren