Entertainment

G Fatt ရဲ့ တကိုယ်တော်ရှိုးကို ကရင်နှစ်သစ်ကူးနေ့တွင် ပြုလုပ်မည်

အဆိုတော် G Fatt ရဲ့ တတိယအကြိမ်မြောက် တကိုယ်တော်ရှိုးပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့ (ကရင်နှစ်သစ်ကူးနေ့) တွင် ပြုလုပ်သွားမှာဖြစ်ပြီး အွန်လိုင်းကနေ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

“ကျနော်က အခုလာမယ့် ၁၃ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ နောက်တကြိမ် One Man Show လုပ်မှာပါ။ ကျနော်အားလုံး စီစဉ်ပြီးသွားပါပြီ။ ပရိသတ်တွေအားလုံးက ဘာမှလုပ်စရာ မလိုပါဘူး။ ဖုန်းလေးနဲ့ နားကြပ်တပ်ပြီး ထိုင်ကြည့်ရုံပါပဲ။ ကျနော် ကြံစည်နေတာ ကြာပါပြီ။ ဘယ်လောက်တောင် ကြာပြီလဲ၊ ပင်ပန်းနေလဲဆိုရင် New Year မှာလည်း Show မဆိုဖြစ်ပါဘူး။ အဲ့ကိစ္စနဲ့ လုံးလည်ချာလည် လိုက်ပြီး ရှုပ်နေလို့ပါ” လို့ G Fatt က ပြောပါတယ်။

ပွဲနာမည်ကိုတော့ “ILLUSION PRADISE” လို့ ပေးထားပြီး ဒီနာမည် ဘာလို့ပေးရလဲဆိုတာကို ပွဲကြည့်ရင်းနဲ့ သိမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုတော် G Fatt ရဲ့ “ILLUSION PRADISE” တကိုယ်တော် ရှိုး

“ကျနော့် ပွဲနာမည်ကိုတော့ ILLUSION PRADISE လို့ ပေးထားပါတယ်။ ဘာလို့ အဲ့နာမည်ပေးရလဲဆိုတာကိုတော့ ပွဲကြည့်ရင်းနဲ့ သဘောပေါက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခု ကျနော် အသိပေးချင်တာက ဗီဒီယိုဖိုင် ၂ ခုလုံးကို ချိတ်ပြီး ကြည့်ထားရမှာ ဖြစ်ပါတယ်”

“အဲ့လို ချိတ်ကြည့်တော့မှ ပွဲပြီးတဲ့အခါမှာ အရသာ သူများထက်ပို ထူးခြားတဲ့ အရသာကို ရမှာဖြစ်ပါတယ်။ ပွဲမတိုင်ခင် ကြည့်ထားစေချင်ပါတယ်။ ကျနော်က ထူးထူးခြား လုပ်ချင်တာ ဖြစ်တဲ့အတွက် ဒီပွဲထဲမှာ မြှုပ်ကွက်လေးတွေ၊ အထာလေးတွေ ပါပါတယ်” လို့ G Fatt က ပြောပါတယ်။

ဒီပွဲကတော့ Live Show မဟုတ်ဘဲ ကြိုတင်ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့အတူ သူကိုယ်တိုင်လည်း ထိုင်ကြည့်နေမှာလို့ ဆိုပါတယ်။

အဆိုတော် G Fatt (ဓာတ်ပုံ – G Fatt’s Facebook)

“ကျနော် အခုလုပ်မယ့် ပွဲကတော့ Live မဟုတ်ပါဘူး။ အားလုံးကို ကြိုတင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ကျနော်လည်း ပရိသတ်တွေနဲ့ အတူတူ တနေရာရာကနေ ထိုင်ပြီးခံစားမှာပါ။ ဘာကြောင့် Live မဆိုဘဲ ကြိုတင်ရိုက်ရတာလဲဆိုတော့ ကျနော် လုပ်ချင်တဲ့ အိပ်မက်နဲ့ ပွဲရဲ့ပုံစံက ဘယ်လိုမှ Live ဆိုဖို့ မလွယ်ကူလို့ပါ။ အရှေ့မှာ လုပ်ခဲ့တဲ့ ရှိုးတွေတုန်းက ပရိသတ်နဲ့ တိုက်ရိုက် သီဆို ဖျော်ဖြေခဲ့ပါတယ်” လို့ G Fatt က ပြောပါတယ်။

G Fatt ရဲ့ “ILLUSION PRADISE” ကိုတော့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ G Fatt Fan Page, Channel K, V 7 Entertainment Page, MyTel Myanmar Page တို့ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ G Fatt နဲ့အတူ Featuring အနေနဲ့ Snare, Ywal Ywal, Minus တို့ ပါဝင်သီဆိုသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

တယောက်တည်း နေရတဲ့ ခံစားချက်တွေကို သီချင်းရေးထားတဲ့ အဆိုတော် G Fatt

တက္ကသိုလ် ကျောင်းသင်္ကြန်တွေမှာ သီချင်းသွားဆိုဖို့ ရှိနေတဲ့ အဆိုတော် G Fatt

Loading