အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ သူ့ရဲ့ သားတယောက်လို ချစ်ခင်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင် အသုပ်ရောင်းနေတယ်လို့ ပြောလိုက်တာ ရုတ်တရက် ရင်ထဲ မကောင်းဖြစ်သွားတယ်လို့ ဆိုပါတယ်။
“အကုန်လုံးကလည်း ဈေးရောင်းနေကြတာပဲ။ သားသားက ပထမနေ့က သီလဝါဘက် ရောက်လို့ ပုစွန်၊ ကဏန်းတွေ လာပို့မယ်။ ပို့ထားလိုက်ဆိုပြီး မတွေ့ဖြစ်လိုက်ဘူး။နောက်တခေါက်ကျတော့ မေမွှေး သားအသုပ် လာပို့မယ်တဲ့။ သားအသုပ်ရောင်းနေတယ်ဆိုတော့ ရုတ်တရက် ဆိုတော့ အမေဆိုတော့လည်း ရင်ထဲ မကောင်းဖြစ်သွားတာပေါ့”လို့ မို့မို့မြင့်အောင်က ပြောပါတယ်။
အသုပ်ရောင်းနေတယ်ဆိုတာ မိုးအောင်ရင်က လွယ်လွယ်ပြောလိုက်တာဖြစ်ပြီး သူကိုယ်တိုင် ကားနဲ့ လိုက်လံ ပို့ဆောင်ပေးနေတာကြောင့် အမြတ်တော့ သိပ်မရှိဘူးလို့ ဆိုပါတယ်။
“သူကတော့ အသုပ်ရောင်းနေတယ်ဆိုတာ လွယ်လွယ် ပြောလိုက်တာ။ သားသားကားနဲ့ လိုက်ပို့တာလားဆိုတော့ သားသားကားနဲ့ ပို့နေတာတဲ့။ ကားနဲ့ပို့တော့ င့ါသားလေး မြတ်ရဲ့လား ဆိုတော့ မေမွှေးရယ် မြတ်တော့ မမြတ်ဘူးပေါ့။ မြတ်တော့လည်း ၁၀၀၀၊ ၂၀၀၀ ပေါ့”လို့ မို့မို့မြင့်အောင်က ပြောပါတယ်။
ကိုဗစ်ကာလမှာ အနုပညာရှင်များက ပရိသတ်များနဲ့ ထိတွေ့မှုရှိအောင် ဖျော်ဖြေမှုများအပြင်၊ ဈေးရောင်းတဲ့ အလုပ်များ လုပ်လာကြပါတယ်။ မို့မို့မြင့်အောင်က မိုးအောင်ရင်အပေါ် ပရိသတ်တွေအနေနဲ့ အားပေးစေချင်တယ်လို့ ဆိုပါတယ်။
“ပရိသတ်နဲ့ ထိတွေ့နေရတယ်ဆိုတော့ သူလည်း အမေတူသားပဲ။ အခုလို ရောဂါတွေ ဖြစ်နေတော့ ပရိသတ်နဲ့ ထိတွေ့မှု ဝေးနေတော့ ပရိသတ်အချစ်ကို ရချင်တာပေါ့။ သူ ပရိသတ်နဲ့ ပုံတွေ တွဲရိုက်မယ်။ ပရိသတ်ကိုလည်း အားပေးစေချင်ပါတယ်”လို့ ပြောပါတယ်။
မိုးအောင်ရင်ကတော့ ကိုဗစ်ကာလမှာ “Moe’s Favorite Food” ဆိုတဲ့ နာမည်နဲ့ အသုပ်စုံ၊ ကြက်ကင်နဲ့ ဆန်လုံးညို အုန်းထမင်း၊ ဆိတ်ကင်နဲ့ ဆန်လုံးညို ပဲထမင်းတို့ ရောင်းချနေတာဖြစ်ပြီး သူကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
မိုးအောင်ရင်ကို သားတယောက်လို သဘောထားတာကြောင့်လည်း တန်ဖိုးရှိပြီး အလုပ်လုပ်နေတဲ့သူ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ “သားသားကို တန်ဖိုးရှိပြီး အလုပ်လုပ်နေတဲ့သူတယောက် ဖြစ်စေချင်တယ်။ ဒီအတိုင်း ထိုင်နေမယ့် အတူတူ အလုပ်လေး လုပ်နေတာတော့ ကျေနပ်တယ်”လို့ မို့မို့မြင့်အောင်က ပြောပါတယ်။
အကယ်ဒမီ မို့မို့မြင့်အောင်ဟာ အနုပညာသက်တမ်း ၄၀ ကျော်ရှိပြီဖြစ်ပြီး ငါးထပ်ကွမ်း အကယ်ဒမီ ဆုရှင် မင်းသမီး တလက် ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာလည်း မို့မို့မြင့်အောင်က အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်နဲ့အတူ ကျောက်မျက် ရတနာများ အွန်လိုင်းကနေ Live လွှင့် ရောင်းချပေးနေပါတယ်။
You may also like these stories:
“Moe’s Favorite” နာမည်နဲ့ အသုပ်စုံ ရောင်းနေတဲ့ မိုးအောင်ရင်