သရုပ်ဆောင် စိုးပြည့်သဇင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ Surprise လက်ဆောင် ပေးခဲ့ပြီး၊ မိဘတွေ ကျန်းကျန်းမာမာ ရှိနေတဲ့အချိန် တတ်နိုင်သလောက် လုပ်ပေးချင်တယ်လို့ ဆိုပါတယ်။
“မိဘတွေ မွေးနေ့မှာ အမှတ်တရ ဖန်တီးဖြစ်တာက ပျော်တာလေးကို မြင်ချင်တာ။ စိုးပြည့်အနေနဲ့ သူတို့ ကျန်းကျန်းမာမာရှိနေတဲ့ အချိန်လေးမှာ တတ်နိုင်သလောက် လုပ်ပေးချင်တယ်။ ဘာမှတော့ မဟုတ်ပါဘူး။ မေမေ့ မွေးနေ့ အိတ်လေး ပေးတယ်။ ဖေဖေ့ မွေးနေ့ နေကာ မျက်မှန် ပေးတယ်။ အဲ့ဒါတွေက ဘယ်လောက်မှ မဟုတ်ဘူး။ ဒါပေမဲ့ ပျော်တယ်။ မိဘကလည်း ကိုယ့်သားသမီးက ဒီလိုလေး လုပ်ပေးတာကို ပိုပျော်တာပေါ့”လို့ စိုးပြည့်သဇင်က ပြောပါတယ်။
အဓိကက မိဘတွေကို ပျော်စေချင်တာဖြစ်ပြီး မိဘတွေအပေါ်လည်း စိုးပြည့်သဇင်က အရမ်း စိတ်ပူတတ်တဲ့ သားသမီးထဲမှာ ပါတယ်လို့ ဆိုပါတယ်။
“အဓိကက မိဘတွေ ပျော်တာကို လိုချင်တာ။ ပျော်ရင် ကျေနပ်ပါတယ်။ စိုးပြည့်က အရမ်းစိတ်ပူတတ်တဲ့ထဲမှာ ပါတယ်။ မိဘတွေ နေမကောင်းဖြစ်ရင် ကာယကံရှင်ထက် စိတ်ပူတတ်တယ်။ သံယောဇဉ်အရမ်းကြီးတယ်၊ သနားတတ်တယ်ဆိုတော့ မိဘတွေ တခုခုဆို အရမ်း စိတ်ပူတတ်တယ်။ သာမန် နေမကောင်းဖြစ်ရင်တောင် တခုခုဖြစ်မှာ တွေးကြောက်တာ။ အခုချိန်ထိ မိဘနှစ်ပါး ကျန်းမာရေး ကောင်းတယ်”လို့ စိုးပြည့်သဇင်က ပြောပါတယ်။
၂၀၂၀ မှာတော့ ဆုံးရှုံးခဲ့တာတွေ များပြီး၊ ဒီအရာတွေကို တွေးပူနေရင် ကိုယ့်အတွက် ကောင်းမွန်တဲ့အရာ ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“၂၀၂၀ ကို ပြန်ကြည့်ရင် ဆုံးရှုံးတာတွေ ရှိမှာပဲ။ ဒါစိုးပြည့် တယောက်တည်း မဟုတ်ဘူး။ စိုးပြည့်ထက် ဆုံးရှုံးကြသူတွေ အများကြီး ရှိတယ်။ စိုးပြည့်တို့က ဒါကြီးက ဆိုးတယ်ဆိုပြီး ဆိုးတာကိုပဲ ထိုင်ပြီး တွေးပူနေရင် ကိုယ့်အတွက် ကောင်းမွန်တဲ့အရာ တခု ရမှာ မဟုတ်ဘူး။ ၂၀၂၀ ဆိုတဲ့နှစ်က ဆိုးတာမဟုတ်ဘူး။ ဒီအချိန်မှာ ဒီအကြောင်းတရားပါလို့ အားလုံးက ဒီလိုမျိုး ဖြစ်ကြတယ်”လို့ ပြောပါတယ်။
ဒီလိုအရာတွေကို အပြစ်တင်နေမယ့်အစား ၂၀၂၁ မှာ ဘယ်လို သင်ခန်းစာတွေ ယူမလဲ၊ ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာကိုပဲ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
“ဘယ်သူ့ကြောင့် ဆိုတာမျိုး အပြစ်တင်နေမယ့်အစား ကိုယ်ဘာသင်ခန်းစာ ယူမလဲ။ ၂၀၂၀ မှာ ကိုယ်ဘာမလုပ်ဖြစ်လိုက်ဘူးလဲ။ ၂၀၂၁ မှာ ကိုယ်ဘာလုပ်ဖြစ်မလဲ။ ကိုယ့်ရှေ့ဆက်သွားရမှာတွေကို စဉ်းစားမယ်။ ၂၀၂၁ မှာလုပ်ဖို့ ၂၀၂၀ မှာ စဉ်းစားချိန် ရတယ်လို့ အကောင်းဘက်ကနေ တွေးမယ်ဆိုရင် စိတ်ချမ်းသာရပါတယ်”လို့ စိုးပြည့်သဇင်က ပြောပါတယ်။
စိုးပြည့်သဇင်ဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်မှာ “မိုးညအိပ်မက်မြူ” ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူ ဖြစ်ပါတယ်။ စိုးပြည်သဇင်က သရုပ်ဆောင်ပိုင်းမှာသာမက ဂီတပိုင်းမှာလည်း ဝါသနာပါပြီး “ချစ်သူရွေးမယ်” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားပါတယ်။