အမေရိကန် သမ္မတအသစ် ဖြစ်လာတော့မယ့် ဂျိုးဘိုင်ဒန်ဟာ နိုင်ငံကို ပြန်လည် ပေါင်းစည်းမယ်လို့ ကြွေးကြော်ထားသူဖြစ်ပြီး အကွဲကွဲအပြားပြားဖြစ်နေတဲ့ နိုင်ငံကို ပြန်လည် စုစည်းရာမှာ ကူညီပေးမယ့် ပထမဆုံး ပုဂ္ဂိုလ်ကတော့ အားလုံးက ချစ်ကြတဲ့ မင်းသားကြီး Tom Hanks ဖြစ်ပါတယ်။
“Forrest Gump” မင်းသားကြီး Hanks ဟာ ဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုပွဲညကျရင် အမေရိကန် ရုပ်သံလိုင်းကြီး အားလုံးမှာ ထုတ်လွှင့်မယ့် အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်တယ်လို့ အမေရိကန်မီဒီယာအသီးသီးက သတင်း ထုတ်ပြန်ထားပါတယ်။
“Celebrating America” လို့ နာမည်ပေးထားတဲ့ အစီအစဉ်ဟာ မိနစ် ၉၀ ကြာမြင့်မှာဖြစ်ပြီး Jon Bon Jovi၊ Justin Timberlake နဲ့ Demi Lovatoတို့ရဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော် Lovato က “အထူးအစီအစဉ်အတွက် ဂျိုးဘိုင်ဒန်နဲ့ ကမ်မလာဟားရစ်တို့နဲ့အတူ ကျမ ပါဝင်လာမှာဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ ကြေညာလိုက်ပါတယ်” လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။
သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကော်မတီကနေ ကျင်းပပြုလုပ်တဲ့ အဲ့ဒီအစီအစဉ်ကတော့ ကပ်ရောဂါကြောင့် အခုနှစ်မှာ ဖျက်သိမ်းထားရတဲ့ ပုံမှန် ကျင်းပနေကျ ပွဲတော် အခမ်းအနားတွေ နေရာမှာ အစားထိုး ဝင်ရောက်မှာ ဖြစ်ပါတယ်။ အဆိုတော် Aretha Franklin က အရင်သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ ၂၀၀၉ ခုနှစ် ပထမဆုံး ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သီချင်းသီဆိုခဲ့ပြီး အဲ့ဒီနောက်လေးနှစ်အကြာမှာ အဆိုတော် ဘီယွန်းစေးက ဖျော်ဖြေခဲ့ပါတယ်။
လက်ရှိ သမ္မတ ထရမ့်ကတော့ ဖျော်ဖြေရေးလောကမှာ လူကြိုက်နည်းသူဖြစ်တာကြောင့် ၂၀၁၇ ခုနှစ်တုန်းက ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ လူသိပ်မသိတဲ့ အနုပညာရှင်တွေပဲ ဖျော်ဖြေခဲ့ပါတယ်။
မင်းသားကြီး Hanks တင်ဆက်မယ့် အဲ့ဒီအထူးအစီအစဉ်ဟာ လာမယ့်ဇန်နဝါရီလ ၂၀ ရက်နေ့၊ အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် ည ၈ နာရီ ၃၀ မှာစတင်မှာဖြစ်ပြီး ABC, CBS, NBC, CNN နဲ့ MSNBC စတဲ့ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် COVID-19 ကိုရှေ့တန်းကနေ ရင်ဆိုင် တိုက်ခိုက်နေကြတဲ့ လုပ်သားတွေအပါအဝင် “အမေရိကန်သူရဲကောင်းတွေ” ကို ဂုဏ်ပြုမယ့်အစီအစဉ်လည်း ပါရှိတယ်လို့ သိရပါတယ်။
Ref:thejakartapost
You may also like these stories:
အသက် ၁၅ နှစ်အရွယ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Zhang Ziyi ဝေဖန်ခံရ
“ပရိသတ်က မရှိမဖြစ် ချစ်ပေးရင် ကျေနပ်ပါပြီ”လို့ မြတ်သူသူ ဆို
“Double Dating” အစီအစဉ်အကြောင်း ပြောပြတဲ့ သဇင်ထူးမြင့်