ပြီးခဲ့တဲ့ ရက်ပိုင်းက သာသနာ့ဘောင် ဝင်ရောက်ခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ သူ သာသာနာ့ဘောင် ဝင်ခဲ့တဲ့ ဘုန်းကြီးကျောင်းအတွက် သိမ်ကျောင်း ဆောက်လုပ်ရန် တတ်နိုင်သလောက် လှူဒါန်းကြဖို့ နိဗ္ဗာန်ဆော်သြခဲ့ပါတယ်။
“ကျနော်က ဒီဘုန်းကြီးကျောင်းမှာ ဆံချပြီး ရဟန်းဘဝ ရခဲ့တာပါ။ အဓိကက ကျောင်းလေးက ဆင်းရဲတဲ့အတွက် ဒီနေရာမှာ သာသနာလုပ်ငန်းတွေ လုပ်ပေးချင်တဲ့ ဆန္ဒကြောင့် တခြားကျောင်းမှာ မဝတ်ဘဲ ကျနော် ဒီမှာ ရဟန်းဝတ်ခဲ့တာပါ”
“ဒီဘုန်းကြီးကျောင်းလေးက အလှူရှင် အရမ်းနည်းပါးတဲ့အပြင် ရဟန်းနေဖို့ အဆောင်၊ ထမင်းစားဆောင်၊ တရားချတဲ့ အဆောင်၊ စာသင်ဆောင်၊ ရဟန်းတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ သိမ်ကျောင်းဆောင်ရယ်လို့ ကျောင်းဝင်းထဲမှာ မရှိပါဘူး။ သိမ်မရှိတော့ တခြားဘုန်းကြီးကျောင်းမှာ ကျနော် သိမ်ဝင်ရပါတယ်။ ဆရာတော်ကလည်း မေတ္တာကြီးမားသလို ဘယ်သူ့ဆီမှာမှ အလှူလည်း မခံခဲ့ပါဘူး” လို့ ပိုင်တံခွန်က ပြောပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းမှာတော့ တရက်တာပဲ ကုသိုလ်ရေး လုပ်ဖြစ်ခဲ့ပြီး တယောက်တည်း တရား အားထုတ်ချင်တာကြောင့်လည်း မြဝတီမြို့ကို ထွက်သွားကာ သစ်တံခါး ဆရာတော်ထံမှာ ရဟန်းဘဝနဲ့တရား အားထုတ်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော်က ရဟန်းအဖြစ်နဲ့ ဒီကျောင်းလေးမှာ တရက်ပဲ ကုသိုလ်ရေးတွေ လုပ်ဖြစ်ခဲ့တယ်။ ပြီးတော့မှ တယောက်တည်း တရားအားထုတ်ချင်လို့ မြဝတီမြို့ကို ထွက်သွားပြီး သစ်တံခါးဆရာတော် ဘုရားကြီးဆီမှာ ရဟန်းဘဝနဲ့ ကုသိုလ်ရေးတွေ လုပ်ပြီး တရားအားထုတ်ခဲ့ပါတယ်။ မြဝတီ မသွားခင်မှာလည်း ဆရာတော်ကို ပြောခဲ့ပါတယ်။ တပည့်တော် လူထွက်လာရင် ဒီကျောင်းကို အစစအရာရာ ပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေးမယ်လို့။ တယောက်တည်း မနိုင်ရင်လည်း ပရိတ်သတ်တွေကိုလည်း နိဗ္ဗာန်ဆော်ပေးမယ်လို့ ပြောခဲ့ပါတယ်” လို့ ပိုင်တံခွန်က ဆိုပါတယ်။
မြဝတီသို့ မသွားခင်မှာလည်း စတင် ရဟန်းဝတ်ခဲ့တဲ့ အဆိုပါ ဘုန်းကြီးကျောင်းအတွက် အစစအရာရာပြည့်စုံအောင် မတည် လှူဒါန်းမယ်ဆိုပြီး ဆရာတော်ကို လျှောက်ခဲ့ပြီး သိမ်ကျောင်း ဆောက်လုပ် လှူဒါန်းရန် သိန်း ၁၀၀ မတည် လှူဒါန်းခဲ့ပါတယ်။
“အခု ဒီဘုန်းကြီးကျောင်းလေးအတွက် ပထမအနေနဲ့ သိမ်ကျောင်းတိုက်ကို အရင်ဆုံး ဆောက်လုပ် လှူဒါန်းပေးချင်တဲ့အတွက် ကျနော်ကစပြီး အလှူငွေကျပ် သိန်း ၁၀၀ မတည် လိုပါတယ်။ ပရိသတ်တွေကိုလည်း သံသရာမှာ ကျနော်နဲ့ ရေစက်အတူတူ ပါအောင် ငွေတထောင်၊ တသောင်းကစ ပါဝင် လှူဒါန်းပေးပါလို့ နိဗ္ဗာန် ဆော်ပါရစေ ခင်ဗျာ” လို့ ပိုင်တံခွန်က ပြောပါတယ်။
ပိုင်တံခွန်နဲ့အတူ တခြားသောအလှူရှင်များကလည်း ပါဝင်လှူဒါန်းထားပြီး ဘုန်းကြီးကျောင်း တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊ ၁၃၁ ရပ်ကွက်၊ ရေသန့်လမ်း ကျောင်းမှာလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းလို့လည်းရကြောင်း သိရပါတယ်။
ပိုင်တံခွန်ဟာ ရဟန်းဘဝသို့ ဝင်ရောက်ခဲ့တဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ရာမှ ယခင်ကထက် ပရိသတ်များစွာ ရရှိခဲ့ပြီး အခုအချိန်မှာတော့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမှာသာမက တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စတဲ့နိုင်ငံများမှာပါ သူ့ရဲ့ဂုဏ်သတင်းက ကျော်စောလျက် ရှိပါတယ်။
၂၀၂၀၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာလည်း TC Candler ကနေ နှစ်စဉ် ထုတ်ပြန်နေကျ စာရင်းတခုဖြစ်တဲ့ “၂၀၂၀ ပြည့်နှစ်အတွက် အချောမောဆုံး မျက်နှာ ၁၀၀ စာရင်း” မှာ ပိုင်တံခွန်က နံပါတ် ၁၀ ရရှိခဲ့ပါတယ်။
You may also like these stories:
သင်္ကန်းဝတ်နဲ့ ပိုင်တံခွန်ရဲ့ ဓာတ်ပုံ ဆိုရှယ်မီဒီယာမှာ လူပြောများနေ
၂၀၂၀ ပြည့်နှစ်အတွက် အချောမောဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ပိုင်တံခွန် ပါဝင်
“မိဘကို လုပ်ကျွေးပြုစုခွင့်ရတာ သိပ်ကောင်းတဲ့ကံပါ”လို့ ပိုင်တံခွန် ပြော