တေးရေး၊ တေးဆို လာဇရု (ခ) ကျော်နိုင်သူဟာ ယနေ့၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ မနက် ၅ နာရီ ၄၀ မိနစ် အချိန်၊ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုတော် လာဇရုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မတော်တဆ ချော်လဲကာ ဦးခေါင်းမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာပဆေးရုံ၊ ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနမှာ ဆေးကုသမှု ခံယူရင်း ယနေ့၊ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။
“အိပ်ရာက နိုးနိုးချင်း သတင်းဆိုးကြားရ၊ ကိုကျော်နိုင်သူ (အဆိုတော် လာဇရု) ကြီး ဆုံးပြီတဲ့။ မတော်တဆ ချော်လဲရင်း ခေါင်းကို ထိခိုက်ပြီး ဆုံးတာတဲ့။ ဟိုတလောကတင် ကိုဗစ်ပြီးရင် သူနဲ့ အလုပ်တွေ လုပ်ကြဖို့ ပြောမိနေသေး။ Facebook မှာ အိုကေ ဘေဘီလို့ အမြဲ နောက်တတ်သူကြီး စိတ်မကောင်းဘူးဗျာ”လို့ စာရေးဆရာ သွန်းနေစိုးက Facebook မှာ ရေးသား တင်ထားပါတယ်။
အဆိုတော် မိုးမိုးကလည်း တေးသံရှင် လာဇရု ကွယ်လွန်သွားတဲ့အပေါ် အခုလိုပဲ နှမြောတသ ဝမ်းနည်းစကား ဆိုထားပါတယ်။
“ထွက်ခွာသွားပြီ ဆိုတော့လည်း နှုတ်ဆက်ရုံမှ တပါး၊ နေကြ ထိုင်ကြတာ နီးနီးနားနား ဆိုပေမယ့် သိပ်မတွေ့ဖြစ်ခဲ့။ မုန့်ဟင်းခါးဆိုင်မှာ မင်္ဂလာပါ အစ်ကိုလို့ ဆိုလေမှ အေး မိုးမိုးရေ နေကောင်းလား လောက်ပဲ ဆိုသူ၊ သို့သော် ဂီတအကြောင်းသာ တည်ပေးလိုက် အိမ်ပြန်ချိန် မေ့တတ်သူ”
“Facebook မှာ အိုခေ ဘေဘီလို့ အမြဲပြောသူ၊ ဂါဂါ ငါးမုန့်ကတည်းက ကိုယ်က သူ့ပရိတ်သတ်၊ သိပ်ဝမ်းနည်းဖို့ ကောင်းတာက မကြာမီ သူ့ One Man Show ကို Horus Entertainment က တင်ဆက်တော့မှာ။ ရောက်တဲ့နေရာမှာ ပျော်ပါစေ အစ်ကိုရေ”လို့ အဆိုတော် မိုးမိုးက ဆိုထားပါတယ်။
အဆိုတော် လာဇရုဟာ ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းများစွာ ရေးစပ် သီဆိုခဲ့ပြီး “အသည်းကွဲတဲ့ရောဂါ”၊ “ချစ်တဲ့သူ” ၊ “သုံးပွင့်ဆိုင်” စတဲ့ တေးသီချင်းများနဲ့ ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။