၂၀၁၈ ခုနှစ်မှာ ရုံဝင်ငွေအရ မအောင်မြင်ခဲ့တဲ့ “Zero” ရုပ်ရှင်မှာ နောက်ဆုံးအနေနဲ့ ပါဝင်ခဲ့တဲ့ ဘောလိဝုဒ်မင်းသား ရှရွတ်ခန်ဟာ အခုတော့ သရုပ်ဆောင်တဦးအနေနဲ့ ရုပ်ရှင်တကားမှာ ပါဝင်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒါရိုက်တာ Rajkumar Hirani ရဲ့ အသစ်ရိုက်ကူးမယ့် ရုပ်ရှင်ကနေ တောင်ပိုင်း ဒါရိုက်တာ Atlee ရဲ့ ရုပ်ရှင်အထိ မင်းသား ပါဝင်မယ်လို့ သတင်း အသီးသီး ထွက်ထားပြီး အခုတော့ မင်းသားဟာ ဒါရိုက်တာ Siddharth Anand ရဲ့ “Pathan” ရုပ်ရှင်မှာ ပါဝင်မယ်လို့ မင်းသမီး Deepika Padukone က အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
သတင်းတွေရဲ့အဆိုအရ “Pathan” ရုပ်ရှင်မှာ မင်းသား ခန်၊ မင်းသမီး Deepika တို့နဲ့အတူ မင်းသား John Abraham လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ အဲ့ဒီ အက်ရှင်ရုပ်ရှင်ကို ရိုက်ကူးဖို့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ စီစဉ်ခဲ့တာဖြစ်ပြီး အခုတော့ ရုပ်ရှင်အတွက် ပထမဆုံး အချိန်ဇယားကိုလည်း ရေးဆွဲခဲ့ပြီလို့ သိရပါတယ်။
Femina နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသမီး Deepika က “အရင်တုန်းက အိန္ဒိယရုပ်ရှင်တွေမှာ မမြင်ခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းတခုဖြစ်တဲ့ Shakun Batra ရဲ့ ရုပ်ရှင်ကို ကျမက ချက်ချင်း စတင်ခဲ့တာပါ။ အဲ့ဒီနောက် ရှရွတ်ခန်နဲ့အတူ အက်ရှင်ရုပ်ရှင် “Pathan” ရှိပါတယ်။ နောက်ထပ်တော့ Nag Ashwin ရဲ့ ရုပ်ရှင်မှာ Prabhas အတူ ပါဝင်ဖို့ ရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဆက်ပြီး မင်းသမီးက “အဲ့ဒီနောက် Anne Hathaway ရဲ့ ရုပ်ရှင် The Intern ကို ပြန်လည် ရိုက်ကူးမှုလည်း လုပ်ဆောင်ဖို့ ရှိပါတယ်။ ပြီးတော့ ကျမတို့ နိုင်ငံကနေ ထွက်ရှိလာမယ့် နာမည် အကျော်ကြားဆုံး ဇာတ်လမ်း “Mahabharata” မှာလည်း ကမ္ဘာကြီးကို ကျမ ပြောပြချင်တဲ့ Draupadi ဆိုတဲ့ နေရာကနေ ပါဝင်ထားပါတယ်” လို့ ဆိုပါတယ်။
မင်းသား ခန်ကတော့ ပရိသတ်တွေထံ ပို့သတဲ့ နှစ်သစ်ကူးဆုတောင်းမှာ အရိပ်အမြွက် ပြောကြားခဲ့တာမျိုး ရှိခဲ့ပေမယ့် အချိန် ၂ နှစ်ကျော် ကာလအတွင်းမှာ ပထမဆုံး ပြန်လည် ပါဝင်လာမယ့် ရုပ်ရှင်အကြောင်းနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ မင်းသားရဲ့ ဗီဒီယိုသတင်းစကားထဲမှာ “၂၀၂၁ ခုနှစ်၊ ရုပ်ရှင်ထဲမှာ ပြန်တွေ့ကြမယ်” လို့ ပြောဆိုထားပါတယ်။
မင်းသား ရှရွတ်ခန်ဟာ လောလောဆယ်တော့ ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ အလုပ်များနေသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သူဟာ သူ့ရဲ့ Red Chillies Entertainment လက်အောက်ကနေ “Kaamyaab” နဲ့ “Class of 83” ရုပ်ရှင် ၂ ကားလည်း ထုတ်လုပ်ထားပါတယ်။
၂၀၁၂ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ “Kahaani” ရုပ်ရှင်ထဲက လူသတ်ကောင် Bob Biswas ရဲ့ မူရင်းဇာတ်လမ်း အကြောင်းအရာကိုလည်း ရိုက်ကူးဖို့ ရှိပါတယ်။ အဲ့ဒီရုပ်ရှင်မှာတော့ အဓိကဇာတ်ကောင်အဖြစ် မင်းသား Abhishek Bachchan က ပါဝင်ထားပါတယ်။
Ref: hindustantimes
You may also like these stories:
ဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့တွင် တင်ဆက်သူအဖြစ် Tom Hanks ဆောင်ရွက်မည်
အသက် ၁၅ နှစ်အရွယ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Zhang Ziyi ဝေဖန်ခံရ
အမေရိကန်သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့မှာ လေဒီဂါဂါနဲ့ ဂျန်နီဖာလိုပက်ဇ် ဖျော်ဖြေမည်