အမေရိကန် သရုပ်ဆောင်များသမဂ္ဂဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သူတို့ရဲ့ အဖွဲ့ထဲကနေ ထုတ်ပယ်ဖို့ စဉ်းစားသုံးသပ်မယ့် အစည်းအဝေးတခု ကျင်းပဖို့ ရှိနေပါတယ်။
သရုပ်ဆောင်၊ ဂျာနယ်လစ်နဲ့ တခြားမီဒီယာကျွမ်းကျင်သူ ၁ သိန်း ၆ သောင်းကျော်ကို ကိုယ်စားပြုတဲ့ SAG-AFTRA အဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့တုန်းက အမေရိကန် Capitol လွှတ်တော် အဆောက်အအုံကို လူအုပ်ကြီးက စီးနင်းခဲ့တဲ့ ဖြစ်ရပ်မှာ သမ္မတထရမ့်ရဲ့ ပါဝင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအစည်းအဝေး တခုကို လုပ်ဆောင်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
SAG-AFTRA အဖွဲ့ ဥက္ကဋ္ဌ Gabrielle Carteris က “ဒေါ်နယ်ထရမ့်ဟာ ကျမတို့ရဲ့ အမေရိကန်နိုင်ငံသားတွေ၊ လူမျိုးတွေ၊ ယုံကြည်မှုတွေအားလုံးရဲ့ လေးစားမှု၊ အမှန်တရား၊ ဒီမိုကရေစီ၊ လွတ်လပ်တဲ့စာနယ်ဇင်းရဲ့ သန့်ရှင်းမှုအပေါ် ထားရှိတဲ့ ဒီသမဂ္ဂအဖွဲ့ရဲ့ တန်ဖိုးတွေကို တိုက်ခိုက်ခဲ့ပါတယ်။ သူ့ရဲ့ နောက်လိုက်တွေက ဂျာနယ်လစ်တွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အမှန်တရားကိုလည်း လျစ်လျူရှုခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
ထရမ့်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက “Home Alone 2” မှ“Sex and the City” အထိ ဟောလိဝုဒ်ရုပ်ရှင်နဲ့ ရုပ်သံအစီအစဉ် တချို့မှာ ပါဝင်ခဲ့တာကြောင့် SAG မန်ဘာအဖြစ် ဝင်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ “The Apprentice” နဲ့ “Celebrity Apprentice” စတဲ့ ရုပ်သံ အစီအစဉ်တွေမှာလည်း တင်ဆက်သူနဲ့ ထုတ်လုပ်သူအဖြစ် ပါဝင်ထားပါသေးတယ်။
သမဂ္ဂကတော့ Capitol အဆောက်အအုံကို ထောက်ခံသူတွေရဲ့ တိုက်ခိုက်ခဲ့မှုအပေါ် မြှောက်ထိုးပင့်ကော် လုပ်ခဲ့တဲ့ နေရာမှာ ထရမ့်ရဲ့ အခန်းကဏ္ဍလည်း ပါဝင်နေပြီး အဆင်အခြင်မဲ့တဲ့ သတင်းမှား ကမ်ပိန်းတွေကြောင့် ဂျာနယ်လစ်တွေရဲ့ဘေးကင်းလုံခြုံမှုအပေါ် ခြိမ်းခြောက်မှု ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
စည်းကမ်း ထိန်းသိမ်းရေး အစည်းအဝေးကို ဘယ်တော့လုပ်မယ် ဆိုတာတော့ ထုတ်မပြောသေးပါဘူး။ အဲ့ဒီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကတော့ ဒဏ်ကြေး ချမှတ်တာကနေ သမဂ္ဂမှ ထုတ်ပယ်မှုအထိ အရေးယူ ဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကို တိုက်ခိုက်ဖို့ ထောက်ခံသူတွေအပေါ် သမ္မတက တိုက်တွန်းခဲ့ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထရမ့်အား စွပ်စွဲပြစ်တင်မှုကို အမေရိကန်အောက်လွှတ်တော်မှာ မဲပေးခဲ့ပြီး ဖြစ်ပါတယ်။
ဆီးနိတ် အထက်လွှတ်တော်ကတော့ ထရမ့်မှာ အပြစ်ရှိကြောင်း (သို့မဟုတ်) အပြစ်ကင်းစင်ကြောင်း ဆုံးဖြတ်မှု တရားခွင်ကို လုပ်ဆောင်ဖို့ အချိန်ဇယား သတ်မှတ်ထားတာ မရှိသေးပါဘူး။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတရာထူးကနေ ဖယ်ရှားပေးရတော့မယ့် ထရမ့်ကတော့ သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတွေမှာ မဲလိမ်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref: asiaone