Entertainment

ကျောင်းဆရာမ ဝတ်စုံ မှားယွင်းခဲ့တဲ့အပေါ် သင်းသင်း ပြန်ဖြေရှင်း

ပညာပေး ဇာတ်လမ်းတပုဒ် ဖြစ်တဲ့ “အမှားနဲ့ အမှန်” မှာ ကျောင်းဆရာမ တဦးအနေနဲ့ ပါဝင်တဲ့ အလှမယ် သင်းသင်းက သရုပ်ဆောင်ရမယ့် ကာရိုက်တာမှာ ဖက်ရှင်ပိုင်းကို ဦးစားပေးလိုက်တာကြောင့် ကျောင်းဝတ်စုံ ထဘီ ဝတ်ဆင်ခဲ့တာ မှားယွင်းသွားတယ်လို့ ပြောပါတယ်။

“ကျမ ဖက်ရှင်ပိုင်းကို ဦးစားပေးလိုက်တဲ့အခါမှာ သရုပ်ဆောင် တယောက်အနေနဲ့ မှားသွားတယ်လို့ပြောရမယ်။ ဒါပေမဲ့ ကျမအနေနဲ့တော့ အဲ့လောက်ထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားတဲ့အတွက် ကျောင်းဝတ်စုံ ဝတ်လိုက်တဲ့အခါမှာ ကျမအတွက်နဲ့ အများကြီး ဖြစ်သွားတဲ့အတွက် ဆရာ၊ ဆရာမတွေ အကုန်လုံးကို တောင်းပန်ချင်ပါတယ်”

“နောက်ဆိုရင် ကိုယ့်ဘက်ကနေ တခုခု လုပ်တော့မယ်ဆိုရင် အများကြီး လေ့လာသင်ယူရမယ့် သင်ခန်းစာ တခုလည်း ရတယ်။ ဒါကြောင့်ပြန်တောင်းပန်ပြီးတော့ အဲဒီအစား ပြန်ပြီး ရိုက်ပေးရတာ” လို့ သင်းသင်းက ဧရာဝတီကို ပြောပါတယ်။

မှားယွင်းဝတ်ခဲ့တဲ့ ကျောင်းဆရာမ ဝတ်စုံမှာတော့ အစိမ်းရောင် ယောအဆင်ဖြစ်ပြီး ဆရာ၊ ဆရာမ အသိုင်းအဝိုင်းမှ များစွာ ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့် ကျောင်းစိမ်း ဗြောင်ထဘီဖြင့် ပြန်လည် ရိုက်ကူးခဲ့ပါတယ်။

အလှမယ် သင်းသင်း (ဓာတ်ပုံ – နေပိုင်/ဧရာဝတီ)

“သင်းရဲ့ Facebook မှာ ကျောင်းဆရာမတွေ အများကြီး ရှိတယ်။ တကယ်ခင်တဲ့ ကျောင်းဆရာမတွေလည်း ရှိတယ်ဆိုတော့ ဒီကာလလည်း ဖြစ်တယ်။ ဆရာ၊ ဆရာမအခန်းလည်း ပါရမယ်ဆိုတော့ အစိမ်းဗြောင်ပါ်မှာ အဖြူလေး ပါလိုက်တော့ ဖက်ရှင်ပိုင်းကို ဦးစားပေးလိုက်တဲ့သဘော အတွေးလေးနဲ့ လေ့လာ သုံးသပ်လိုက်တဲ့အပေါ်မှာ အမှားလို ဖြစ်သွားတာပေါ့”

“အဲ့အပေါ်မှာ အားလုံးကို တောင်းပန်ပါတယ်။ ဆရာမတွေ အကုန်လုံးကို တောင်းပန်ကြောင်း Facebook မှာ ရေးထားတယ်။ စိတ်မကောင်းလည်း အရမ်းဖြစ်သွားတယ်။ အဲ့လောက်ထိ ဖြစ်သွားမယ်လို့လည်း မထင်ခဲ့ဘူး။ နောက်နောင်ကို အများကြီး ဆင်ခြင်သွားပါမယ်” လို့ သင်းသင်းက ပြောပါတယ်။

ကိုယ်တိုင်အနေနဲ့လည်း လူမှုကွန်ရက် စာမျက်နှာမှာ ပြန်လည် တောင်းပန်ထားပြီး ထိခိုက်လိုတဲ့ဆန္ဒ မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။

အလှမယ် သင်းသင်း (ဓာတ်ပုံ – နေပိုင်/ဧရာဝတီ)

“ကျောင်းဆရာမအခန်း ပါရမယ်ဆိုတော့ ငယ်ငယ်က အရမ်းရူးသွပ်ခဲ့တာ အိပ်မက်ပေါ့။ ပညာရေးနဲ့ ပတ်သက်ရင် ငယ်ငယ်က ကျောင်းဆရာမ အရမ်းဖြစ်ချင်ခဲ့တာ။ အဖြူ အစိမ်းက ကျမ အရမ်းနှစ်သက်ခဲ့တဲ့ ဝတ်စုံဆိုတော့ ဒီဇာတ်ကားထဲမှာ ပါရမယ်ဆိုတော့ အရမ်းပျော်ခဲ့ရတာ။ ကိုယ်မြတ်နိုးတဲ့ ဝတ်စုံကိုဝတ်ပြီး ပါရမယ်ဆိုတော့ ဝမ်းသာပီတိ ဖြစ်ခဲ့ရတယ်။ အဲ့အတွက် အမှားလေးနည်းနည်း ပါသွားတာပါ” လို့ သင်းသင်းက ပြောပါတယ်။

“အမှားနဲ့အမှန်” ဇာတ်လမ်းကတော့ ၄၅ မိနစ်စာ ဇာတ်လမ်းတို တပုဒ်ဖြစ်ပြီး Skynet ရုပ်သံလိုင်းနဲ့ You Tube တို့မှာ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

You may also like these stories:

“အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကံကောင်းတယ်လို့ ခံစားရတယ်”

မိုးဟေကို ကိုယ်တိုင် ပြောပြထားတဲ့ မိုးဟေကို အကြောင်း

“အနုပညာသက်တမ်း တလျှောက် အကောင်းအဆိုးတွေ အများကြီး ရှိတယ်”

Loading