Entertainment

အနုပညာအလုပ်တွေ ပြန်လုပ်ကိုင်တော့မယ့် စိုင်းဘိုဘို

သရုပ်ဆောင် စိုင်းဘိုဘိုဟာ တချိန်က VCD သီချင်းများမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အားပေးမှု ရရှိခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။ သူကတော့ ၂၀၀၈ ခုနှစ်ကစပြီး အနုပညာအလုပ်များ မလုပ်ဖြစ်တော့ဘဲ အနုပညာလောကနဲ့ ဝေးကွာသွားပြီးနောက်ပိုင်း အနုပညာတွေ ပြန်လုပ်တော့မယ်လို့ ဆိုပါတယ်။

“အခုတော့ ပရိသတ် တယောက်လိုပဲ မီဒီယာက ပြောသလောက်ပဲ သိတာပေါ့။ အနုပညာလောကထဲ ထဲထဲဝင်ဝင် မရှိသေးတော့ ကျနော်တို့တုန်းကနဲ့ ဘာကွာလဲတော့ မပြောပြတတ်သေးဘူး။ ကျနော်တို့တုန်းကတော့ တကယ့်ကို ဝါသနာအရ လုပ်ကြရင်းနဲ့ အနုပညာရှင် ဖြစ်လာတာလေ။ အခုနောက်ပိုင်းတော့ ကျနော် မပြောတတ်ဘူး”လို့ စိုင်းဘိုဘိုက ဧရာဝတီကို ပြောပါတယ်။

အနုပညာနဲ့ အလှမ်းဝေးကွာနေပေမယ့် အနုပညာနဲ့ ပတ်သက်ပြီး အလုပ်တွေလုပ်ဖို့ အစီအစဉ်တွေ ချထားတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် စိုင်းဘိုဘို (ဓာတ်ပုံ – Sai Bo Bo’s Facebook)

“ကျနော်က အနုပညာနဲ့သာ ဝေးနေတာ။ အနုပညာကို စိတ်ထဲမှာ ရှိတော့ အနုပညာတွေ ပြန်လုပ်မယ်။ အနုပညာနဲ့ ပတ်သက်ပြီး Plan ချထားတာတွေတော့ ရှိပါတယ်။ TV Channel တွေနဲ့လည်း တွဲဖက်ပြီး အလုပ်လုပ်ဖို့ ပြောထားတာတွေ ရှိတယ်။ ဘယ်ဟာ အရင်ပြန်ပြီး လုပ်ဖြစ်မလဲတော့ မသိဘူး။ ကိုဗစ်ကာလ ဖြစ်နေတော့လည်း သိတဲ့အတိုင်း ဘာမှလုပ်လို့မှ မရတာ”လို့ စိုင်းဘိုဘိုက ပြောပါတယ်။

ကိုယ်တိုင်က သရုပ်ဆောင်တဦးဖြစ်တဲ့အတွက် ဘယ်အချိန်ဖြစ်ဖြစ် သရုပ်ဆောင်နိုင်ပြီး တကယ်တမ်း ပြန်လုပ်ကြည့်တဲ့အခါမှ ဘာအခက်အခဲရှိလဲဆိုတာ သိမှာလို့ ဆိုပါတယ်။

သရုပ်ဆောင် စိုင်းဘိုဘို (ဓာတ်ပုံ – Sai Bo Bo’s Facebook)

“ကျနော့်အနေနဲ့ သရုပ်ဆောင်တာ ဘယ်ချိန်ဖြစ်ဖြစ် သရုပ်ဆောင်လို့ရတယ်။ ဒါပေမဲ့ တကယ် ပြန်လုပ်ကြည့်မှ ဘာအခက်အခဲ ရှိလဲဆိုတာ သိမှာ။ တကယ်လုပ်ပြီ ဆိုရင်တော့ ဘာအခက်အခဲပဲရှိရှိ လုပ်မှာပါ။ ကျနော့် ကာရိုက်တာပေါ်မှာပဲ မူတည်ပြီးတော့ လုပ်ဆောင်သွားမယ်”လို့ စိုင်းဘိုဘိုက ပြောပါတယ်။

အနုပညာလောကနဲ့ ကင်းကွာသွားခဲ့ပုံကိုလည်း စိုင်းဘိုဘိုက အခုလိုပဲ ပြောပါတယ်။

“ကျနော် အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တာက ဈေးကွက်လည်း သိပ်မကောင်းဘူး။ အဲ့အချိန် ကျနော်က အိမ်ပြန်သွားတော့ ကားရိုက်နေလို့ မဖြစ်သေးဘူး။ အိမ်အလုပ်လည်း ပြန်လုပ်ဦးမှ ဆိုပြီး အလုပ်လုပ်နေတယ်။ အလုပ်နဲ့ ရန်ကုန်ကို သွားလိုက်လာလိုက် ရှိနေတယ်”

“နောက်ပိုင်း အလုပ်လုပ်နေတော့ အနုပညာနဲ့ နည်းနည်း ကင်းကွာသွားတာပေါ့။ အဲ့ကြားထဲမှာ ကိုယ်တွဲခဲ့တဲ့ ဆရာ ကိုအောင်မင်းသိန်းကလည်း ဆုံးသွားတော့ ပိုပြီးတော့ ဝေးသွားတယ်၊ မလုပ်ဖြစ်တော့ဘူး။ ကျနော် အနုပညာ အလုပ်တွေနဲ့ ပြန်လာမယ် အားပေးကြပါဦး။ အားပေးနေကြသေးတာ တွေ့ရလို့ ကျေးဇူးတင်ပါတယ်”လို့ စိုင်းဘိုဘိုက ပြောပါတယ်။

အနုပညာလုပ်စဉ်က အမှတ်တရတွေ အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကျနော် ပထမဆုံးရိုက်တဲ့ သီချင်းလေးက ထွက်မလာဘူး။ ရှုတင် မန်နေဂျာက ပြည်သူ့ရင်ပြင်ထဲမှာ အဲလက်စ် သီချင်းရိုက်မယ်။ တခါမှလည်း မရိုက်ဖူးဘူး။ ရှုတင်လည်း မရောက်ဖူးဘူး။ ရိုက်ခါနီး ခြေမကိုင်မိ လက်မကိုင်မိနဲ့။ မှန်လည်း မပါဘူး။ မိတ်ကပ်လည်း မပါဘူး။ ဘီးလည်း မရှိဘူး။ ရိုက်တော့လည်း အဆင်ပြေတယ်။ ဒါပေမဲ့ အဲ့သီချင်း ထွက်မလာဘူး။ အဲ့ဒါက အမှတ်တရပေါ့”လို့ စိုင်းဘိုဘိုက ပြောပါတယ်။

သရုပ်ဆောင် စိုင်းဘိုဘိုတို့ မိသားစု (ဓာတ်ပုံ – Sai Bo Bo’s Facebook)

သရုပ်ဆောင် စိုင်းဘိုဘိုဟာ ၁၉၉၀ ခုနှစ်များဆီက VCD သီချင်းတော်တော်များများမှာ ပါဝင် သရုပ်ဆောင်ခဲ့သူပါ။ စိုင်းဘိုဘိုဟာ လက်ရှိမှာတော့ အိမ်ထောင်ကျကာ သားတယောက်၊ သမီးတယောက်နဲ့ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

ဒူးဒဏ်ရာ ပြန်ထိခိုက်ခဲ့တာကြောင့် သရုပ်ပြ Boxing ပွဲမှာ မပါဖြစ်တော့တဲ့ မိုးမိုး

တပည့်တွေကို မမောက်မာဖို့ အမြဲ ဆုံးမတဲ့ ဂျွန်လွင်

“အနုပညာမှာ စည်းတွေဘောင်တွေ မရှိသင့်ဘူး”လို့ ပွင့်သိင်္ဂီဇော် ဆို

Loading