ပြီးခဲ့တဲ့နှစ်က အဆိုတော် မေလသံစဉ် သီဆိုထားတဲ့ တေးရေး မင်းချစ်သူရဲ့ “လူကြီးကို” သီချင်း Music Video ကို သရုပ်ဆောင် နေတိုးနဲ့ တွဲဖက် ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“ကိုနေတိုးနဲ့ မေလက Music Video တခု ရိုက်တာပေါ့။ ပွဲတပွဲရဲ့အစီအစဉ်လေး တခုပေါ့။ တခြားအနုပညာရှင်နဲ့ အဆိုတော်က သူတို့သီချင်းတပုဒ်စီ တင်ပေးမယ့် အစီအစဉ်မှာ တခြား အဆိုတော်ကြီးတွေလည်း ပါတယ်။ မေလလည်း ပါမယ်”
“အဲ့မှာ တင်ပေးရမယ်ဆိုတော့ ဆရာ မင်းချစ်သူရဲ့ “လူကြီးကို” ဆိုတဲ့ သီချင်းလေး၊ အဲဒါက မနှစ်ကဆိုပြီးသား၊ Music Video မရိုက်ရသေးဘူး။ စဉ်းစားကြည့်လိုက်တော့ လူကြီးကို ဆိုတော့ ကိုယ့်ထက် အသက်ကြီးတဲ့သူနဲ့ပဲ ရိုက်ရတော့မှာလေ။ စီနီယာထဲမှာဆို ကိုနေတိုးတို့ ဘာတို့ရှိတော့ ရိုက်ဖြစ်တယ်။ မထွက်ရသေးဘူး။ အဲ့အစီအစဉ်က တင်ပေးမှ ဆိုတော့လေ” လို့ မေလသံစဉ်က ပြောပါတယ်။
အဆိုပါ Music Video မှာတော့ မေလသံစဉ်က နေတိုးရဲ့ပုံတူပန်းချီကို ဆွဲခဲ့ပြီး ပါးနည်းနည်း ဖောင်းသွားပေမယ့် နေတိုးကိုယ်တိုင်က ကြိုက်တယ်လို့ ဆိုပါတယ်။

“ကိုနေတိုးကို ပုံဆွဲပို့လိုက်တော့ ကြိုက်ပါတယ်။ ပါးနည်းနည်း ဖောင်းသွားတယ်။ နည်းနည်းတော့ ပြန်လျှော့ပေးရမယ်။ ပါးဖောင်းသွားတာကို ပြန်လျှော့ပေးရမယ်။ နည်းနည်း ဖောင်းသွားတယ်” လို့ မေလသံစဉ်က ပြောပါတယ်။
ပန်းချီဆွဲတာကို မေလသံစဉ်ဟာ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ပြီး ဆုတွေလည်း ရခဲ့ဖူးတယ်လို့ သိရပါတယ်။

“ပန်းချီကကျတော့ မေလ ငယ်ငယ်လေးကတည်းက ဆွဲတယ်။ ပန်းချီနဲ့ ပတ်သက်ပြီး ဆုတွေလည်း ရဖူးတယ်။ မေလ အဘွားလေးက ပန်းချီဆရာမဆိုတော့ ငယ်ငယ်လေးကတည်းက ပန်းချီကို သင်ဖြစ်တာ။ ကျောင်းမှာဆို ပန်းချီနဲ့ ပတ်သက်တဲ့ဆုတွေ ခဏခဏ ရတယ်။ လူပုံနဲ့ ပတ်သက်ပြီးတော့ သိပ်တော့ မရဘူး။ အဲ့တုန်းက ကိုနေတိုးပုံကို ဆွဲလိုက်တာ ခဲနဲ့ ဆွဲလိုက်တာ။ ခဲနဲ့ဆွဲတာတော့ ရပါတယ်။ ဆေးတွေဘာတွေ ပြန်ခြယ်တာတော့ မေလ အဘွားရဲ့သူငယ်ချင်း ပန်းချီဆရာကြီးက ပြန်လုပ်ပေးတာပေါ့” လို့ မေလသံစဉ်က ပြောပါတယ်။
အဆိုတော် ဖြိုးပြည့်စုံနဲ့လည်း “နွဲ့ဆိုး” ဆိုတဲ့သီချင်း Music Video ထွက်ဖို့ရှိပြီး ဒီထဲမှာတော့ ဖြိုးပြည့်စုံနဲ့အတူ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“ကိုဖြိုးပြည့်စုံရဲ့ နွဲ့ဆိုးသီချင်းမှာ သရုပ်ဆောင်ထားတယ်။ တော်တော်တော့ ဆိုးထားတယ်။ ကိုဖြိုးကအရမ်းတည်ငြိမ်တယ်ဆိုတော့ မေလက တည်ငြိမ်လို့ မရဘူးလေ။ နွဲ့ဆိုး ဆိုးရတာတွေ ရှိတာပေါ့။ Music Video ထွက်မှ ကြည့်ပါ။ မေလက နွဲ့ဆိုးဆိုးတတ်တဲ့ သူမျိုးရယ်လို့ မဟုတ်ပါဘူး။ ဆိုးတာတွေဘာတွေ သိပ်မကြိုက်ဘူး။ မေလပုံစံနဲ့ ဆိုးရင် မလှဘူး။ ယောကျာ်းဆန်တဲ့ထဲမှာလည်း ပါတော့ အဲ့လိုမျိုး မလှဘူး။ တော်တော်လေး ကြိုးစားထားရတယ်။ ကိုဖြိုးကလည်း အရမ်းငြိမ်တော့လေ။ နွဲ့ဆိုးဆိုးတဲ့ပုံစံဖြစ်အောင် လုပ်ယူထားရတာပေါ့” လို့ မေလသံစဉ်က ပြောပါတယ်။
လတ်တလောမှာတော့ မေလသံစဉ်က ကြော်ငြာသီချင်းတွေ ရေးပေးဖြစ်နေပြီး သူ့ရဲ့ကိုယ်ပိုင်သံစဉ် မီနီအယ်ဘမ်လုပ်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
You may also like these stories:
အနုပညာအလုပ်တွေ ပြန်လုပ်ကိုင်တော့မယ့် စိုင်းဘိုဘို
၂၀၂၁ မှာ ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ ပြင်ဆင်နေတဲ့ စိုးပြည့်သဇင်
ဒူးဒဏ်ရာ ပြန်ထိခိုက်ခဲ့တာကြောင့် သရုပ်ပြ Boxing ပွဲမှာ မပါဖြစ်တော့တဲ့ မိုးမိုး