အလှမယ်တဦးအဖြစ် သရဖူ ရရှိခဲ့တဲ့ သင်းသင်းဟာ အလှမယ်ပြိုင်ပွဲ ၃ ပွဲအတွက် သိန်း ၅၀ ကျော်ကုန်ကျခဲ့ရပြီး ဘဝက ခက်ခဲသွားခဲ့တယ်လို့ ဆိုပါတယ်။
“သင်းဆိုရင် ၃ ပွဲ ပြိုင်တဲ့အပေါ်မှာ စရိတ်စကနဲ့ဆိုရင် သိန်း ၅၀ ကျော် အထက်မှာ ကုန်တယ်။ အဲ့မှာ ဘဝသည် ချာချာလည်သွားတော့တာပဲ။ ရှေ့တိုးရခက် နောက်ဆုတ်ရခက်နဲ့။ ကိုယ့်ချွေးနည်းစာနဲ့ ရှာထားတာတွေကို ကျမတို့ အညာဘက်မှာဆိုရင် ရွာပြန်ကြရင် ရွှေကိုပါမှ ဆိုပေမယ့် အခုအချိန်ထိ အဲ့ရွှေဆို မြင်တောင် မမြင်ဖူးတော့ဘူး။ ၅၀ ၊ ၆၀ လောက်တော့ ကုန်မယ်။ ဒီငွေပမာဏသည် အရမ်းကိုများတယ်။ အရမ်းကို ခက်ခဲတယ်” လို့ သင်းသင်းက ပြောပါတယ်။
အနုပညာလောကထဲ ရောက်လာတဲ့အချိန်မှာတော့ မယောင်မလည်နဲ့ အလိမ်ခံရတာတွေကြောင့် ဘဝပျက်မတတ် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“သင်းတို့ မော်ဒယ်လောကထဲကို ရောက်လာတယ်ဆိုတဲ့ အပိုင်းမှာ အမှန်အတိုင်း ပြောရရင် ဘာမှ နားမလည်ပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်ရတဲ့အပိုင်းမှာ မိသားစုပဲ ရှိခဲ့တာ။ အနုပညာမျိုးရိုးရော အသိုင်းအဝိုင်းရော မရှိဘူး။ အဲ့အချိန်မှာ မယောင်မလည်နဲ့ အလိမ်ခံလိုက်ရတာ။ ဘဝပျက် မတတ်ဘဲ။ သင်းကတော့ မရှက်ဘူး။ ကိုယ့်ရုပ်ရည်၊ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်ပုံစံကို ယုံကြည်မှုရှိထားပြီးသား။ အဲဒီအတွက် စင်ပေါ်တက်လျှောက်တဲ့အချိန်မှာ ယုံကြည်မှု ရှိတယ်”
“မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ပြည့်စုံနေတဲ့ အလှတရားတော့ မရှိပါဘူး။ သင်းမှာလည်း ပြည့်စုံနေတဲ့အလှ မရှိပါဘူး။ တချို့နေရာတွေမှာ ချို့ယွင်းချက်တွေ ရှိမှာပဲ။ ဘယ်နေရာမှာ သာနေလဲဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် သိတယ်” လို့ သင်းသင်းက ပြောပါတယ်။
ဆက်လက်ပြီး “အရင်တုန်းကဆို သရဖူသိမ်းတယ်လို့ ပြောတယ်။ အိမ်မှာ သရဖူရော၊ စလွယ်ရော ရှိပါတယ်။ အဲ့လို သိမ်းလို့ မရပါဘူး။ ကိုယ့်ကို လုပ်ပေးလိုက်တဲ့ Organizer သည် ဘာတွေ လုပ်ပေးလိုက်တာလဲ။ ဒီမော်ဒယ်တို့၊ အနုပညာတို့လောကထဲ ခြေစုံကန်ပြီးရောက်လာတာဟာ ၂၀၁၈ က ရောက်ပါတယ်”လို့ သင်းသင်းက ပြောပါတယ်။
အားပေးတဲ့သူတွေ အများကြီး မရှိရင်တောင် အစစ်အမှန် တယောက်လောက် ရှိရင်ပဲရပြီဆိုတဲ့ စိတ်နဲ့ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။
“အခုနောက်ပိုင်းမှာဆိုရင် တကယ်ကို အားပေးတဲ့သူတွေ ရှိလာတာဆိုတော့ အားပေးတဲ့သူတွေနဲ့ပဲ အများကြီး မလိုချင်ပေမယ့်လည်း ကိုယ့်အနားမှာ အားပေးတဲ့သူ အစစ်အမှန်တယောက် ရှိနေရင်ကို အားဆေး တခွက်ပဲ။ အတုအယောင် ၁၀ ယောက် မလိုချင်ပါဘူး။ အစစ်အမှန်တယောက် ရှိရင်ကို အားဆေးဖြစ်တယ်။ အဲ့စိတ်လေးနဲ့ပဲ ဖြတ်ကျော်ခဲ့ရတာများပါပြီ။ နားလည်မပေးတဲ့သူတွေကိုလည်း တချိန်ကျရင် နားလည်ပေးမယ်ဆိုတဲ့ အသိနဲ့ နေလိုက်ပါတယ်” လို့ သင်းသင်းက ပြောပါတယ်။
သင်းသင်းကတော့ လတ်တလောမှာ ပါဝင်သရုပ်ဆောင်ပေးနေတဲ့ “အမှားနဲ့အမှန်” ဇာတ်လမ်းတိုထဲက ကျောင်းဆရာမ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ခံနေရပါတယ်။
You may also like these stories:
ကျောင်းဆရာမ ဝတ်စုံ မှားယွင်းခဲ့တဲ့အပေါ် သင်းသင်း ပြန်ဖြေရှင်း