၂၀၂၁ မှာ ဟာသဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် အောင်ရေချမ်း
ဇာတ်လမ်းတွဲ တော်တော်များများမှာ အငြိမ်ဇာတ်ရုပ်များနဲ့သာ တွေ့ရများတတ်တဲ့ သရုပ်ဆောင်အောင်ရေချမ်းကိုတော့ ၂၀၂၁ မှာ ဟာသဇာတ်ရုပ်နဲ့ မြင်တွေ့ရတော့မယ်လို့ သိရပါတယ်။
“ဒီလကုန်ရင် ဇာတ်လမ်းတွဲအသစ် ရိုက်ရတော့ပါမယ်။ ကာရိုက်တာ အသစ်အဆန်းလေးပေါ့။ လုပ်နေကျ မဟုတ်ဘူး။ ဟာသ ကာရိုက်တာလေးပေါ့။ ဒီကာရိုက်တာကတော့ ပရိသတ်ကို အမြင်ဆန်းစေမယ်လို့ ထင်ပါတယ်။ ဟာသ ဇာတ်လမ်းတွဲပေါ့နော်။ ၂၀၂၁ မှာ ကာရိုက်တာ အသစ်တခုနဲ့ မြင်ရပါမယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။
အသစ်အဆန်းဖြစ်မှာကြောင့်လည်း ပိုပြီးတော့ ရင်ခုန်ပြီး ပရိသတ် လက်ခံဖို့အတွက် မျှော်လင့်တယ်လို့ ဆိုပါတယ်။

“အသစ်အဆန်းဖြစ်တဲ့အတွက် ပိုပြီးတော့ ရင်ခုန်တယ်။ ပြီးတော့ ကိုယ်လုပ်တဲ့ အရာတခုက ပရိသတ်ကို ပျော်ရွှင်စေပြီး အခက်ဆုံးအလုပ်က ဟာသအပိုင်းပေါ့။ ဒရာမာက ခက်သင့်သလောက် ခက်တယ်။ ဟာသကတော့ အခက်ဆုံးပေါ့။ ပရိသတ်ကို ရယ်အောင် လုပ်ရတာက အချိုးကျဖို့ ခက်တာပေါ့။ ကျနော့်အတွက်က စိန်ခေါ်မှုလည်း ဖြစ်စေတယ်။ ကြိုးစားခွင့်လည်း ရသလို ပရိသတ်ကို လုပ်ပြမယ့် အရာကလည်း ပရိသတ် လက်ခံဖို့ မျှော်လင့်တာပေါ့” လို့ အောင်ရေချမ်းက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲအတွက် ပြင်ဆင်မှုကတော့ ဟာသကားများ ကြည့်ကာ လေ့လာဖြစ်ပြီး အရင်ကလည်း ဟာသ သရုပ်ဆောင် ခင်လှိုင်နဲ့ တွဲဖက် သရုပ်ဆောင်စဉ် သူ့ဆီက လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။
“ဟာသကားတွေ ကြည့်တယ်။ လေ့လာဖြစ်တယ်။ ဦးခင်လှိုင်နဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” မှာဆိုရင် သူတို့ရဲ့ဟာသလုပ်ရတဲ့ အပိုင်းတွေ ရှိတယ်။ တယောက်နဲ့ တယောက် စကားပြော အချိတ်အဆက်တွေ တချို့စကားတွေဆို ဒိုင်ယာလော့ထဲမှာ မပါဘူး။ ဒါပေမဲ့ သူတို့ဆီမှာ ချက်ချင်း တုန့်ပြန်နိုင်တဲ့ ဟာသတွေက တကယ့် ကျွမ်းကျင်မှလည်းဖြစ်သလို စိတ်ကလည်း တပြေးညီ လိုက်နိုင်မယ့် Mood ပေါ့။ တော်တော်လေး ခက်တယ်လို့ သတိထားမိတယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။
အောင်ရေချမ်းဟာ MRTV-4 က Talent တယောက် ဖြစ်တဲ့အတွက် ဇာတ်လမ်းတွဲတတွဲ ရိုက်ဖို့ Casting ဝင်ပြီးမှသာ ရိုက်ခွင့်ရှိတာဖြစ်ပြီး ရွေးချယ်ခွင့် မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့က MRTV-4 က Talent တွေလို့ ပြောလို့ရပါတယ်။ ကျနော်တို့က ဒီဇာတ်လမ်းတွဲ ရိုက်ချင်တယ်။ ဒီဇာတ်လမ်းတွဲ ရိုက်ခွင့်ပေးပါလို့ ပြောပိုင်ခွင့် မရှိဘူး။ ကျနော်တို့က ဒီဇာတ်လမ်းတွဲ ရိုက်ဖို့ ရှိတယ်။ ဒီထဲမှာပါမယ့် Main Actor ၃ ယောက်၊ Supporting Actor အတွက် Casting ရွေးမယ်။ အမူအရာ၊ ရုပ်ရည်နဲ့ ကာရိုက်တာ လိုက်ရင် ရွေးချယ်မယ်”
“ကျနော် ရိုက်ချင်တယ်။ မရိုက်ချင်ဘူး ရွေးလို့ မရဘူး။ ကျနော် အခုဆို ၁၀ ကားလောက် ရှိပြီ။ Casting ဝင်ရတာ။ တခါတလေ ကျရင်တော့ ကာရိုက်တာ လိုက်ရင် By Name နဲ့ ခေါ်တာ ရှိတယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။
သရုပ်ဆောင် အောင်ရေချမ်းဟာ လက်ရှိအချိန်ထိ ဇာတ်လမ်းတွဲ ၁၀ ကားခန့် ရိုက်ကူးပြီးခဲ့ပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးများမှာ ပါဝင်ခွင့်ရခဲ့သူတယောက် ဖြစ်ပါတယ်။ အောင်ရေချမ်းကတော့ “ပျားရည်အိုင်” နဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တာ ဖြစ်ပါတယ်။
You may also like these stories: