အနုပညာ အလုပ်တွေ လုပ်ကိုင်ရင်း “လမ်းဘေး” ကော်ဖီ ထုတ်ဖြစ်တဲ့အကြောင်း သရုပ်ဆောင် ကျော်ကျော်ဗိုက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ကျနော်က အရင်ကတည်းက ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး စာအုပ်လေး ဖတ်ပြီး ကော်ဖီစေ့ လှော်ထားတဲ့ အနံ့လေး ရတာကို ကျနော် အရမ်းကြိုက်တယ်။ ကျနော် အရင်ကတည်းက ကော်ဖီဆိုင်လေးတဆိုင် ဖွင့်ဖို့ ရည်ရွယ်ထားတာလေး ရှိတယ်”
“ကျနော်အိမ်လည်း ပြောင်းဖြစ်တော့ သင်္ဃန်းကျွန်းဘက်မှာ ကော်ဖီဆိုင်လေး တဆိုင်ဖွင့်မယ်ဆိုပြီး အိမ်အနီးအနားမှာ ဖွင့်ဖို့ ပြင်ဆင်ရင်းနဲ့ ကျနော်က ဆိုင်လေး အချောသတ် ပြင်ဆင်နေတုန်းမှာ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါက ဖြစ်လာတော့ ကျနော်က ရပ်နားလိုက်ရတယ်။ မဖွင့်ဖြစ်ချိန် စဉ်းစားတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
လက်ရှိမှာတော့ ကော်ဖီဆိုင် မဖွင့်ဖြစ်သေးပေမယ့် အွန်လိုင်းကနေ မှာယူသူတွေကို Delivery နဲ့ ပို့ပေးနေတယ်လို့ ဆိုပါတယ်။
“ကျနော်ကြိုက်တဲ့ ကော်ဖီဆိုင် မဖွင့်ဖြစ်သေးရင်တောင် ကျနော်ကြိုက်တဲ့ ကော်ဖီ အရသာလေးကို ဖြန့်ဝေချင်တာနဲ့ ကော်ဖီ ထုတ်ဖြစ်တာပါ။ အခုတော့ အွန်လိုင်းကနေပဲ Deli နဲ့ ပို့ပေးနေပါတယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
LANDBAY Café လို့ နာမည်ပေးဖြစ်ပုံကိုလည်း ကျော်ကျော်ဗိုက အခုလိုပဲ ဆိုပါတယ်။
“LANDBAY Cafe’ လို့ ပေးဖြစ်တာက ကျနော်တို့ ဆယ်ကျော်သက်အရွယ်တုန်းက ကျနော်တို့ ညနေစောင်းရင် လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ လမ်းဘေးလမ်းထောင့်လေးတွေမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ကြပြီး လမ်းသွားလမ်းလာတွေ ငေးတယ်။ ကောင်မလေးတွေ ငမ်းတယ်။ အဆိုတော်တွေ ထွက်တဲ့ ကက်ဆက်ခွေတွေ သွားနားထောင်ကြပြီး စကားတွေ ပြောဖြစ်ခဲ့ကြတဲ့ နေရာလေး ဖြစ်ခဲ့တာပေါ့”
“လမ်းဘေး လက်ဖက်ရည်ဆိုင်လေးတွေကို ကျနော်လွမ်းတယ်။ ဒီဘက်ခေတ်မှာ သိပ်မရှိတော့ဘူး။ အဲ့တော့ ကျနော် လွမ်းတယ်။ ကော်ဖီဆိုင်လေး ဖွင့်ရင်လည်း LANDBAY Café ဆိုပြီး နာမည်ပေးဖို့လည်း ရည်ရွယ်ထားတာ။ ဆိုင်မဖွင့်သေးတော့ ကော်ဖီထုတ်ချိန်မှာ ဒီနာမည်လေးကို ပေးဖြစ်သွားတာပါ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
အနုပညာပဲ လုပ်ကိုင်တတ်သူမို့ စီးပွားရေး လုပ်ချိန်မှာလည်း အခက်အခဲတော့ ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က အနုပညာသမားဆိုတော့ ကျနော်တို့နဲ့ စီးပွားရေးက နည်းနည်း အလှမ်းဝေးတာပေါ့။ အခက်အခဲတော့ ရှိတယ်။ ဘဝဆိုတာ ရုန်းကန် နေရတာဆိုတော့ လမ်းကြောင်းတခုတည်းအတွက် ရွေးထားလို့ မရဘူးလေ။ ကျနော်တို့ ဘဝမှာ လမ်းကြောင်းများစွာကို အဆင်ပြေပြေ လျှောက်လှမ်းနိုင်ဖို့ လိုတယ်ဆိုတော့ ကျနော်တို့ လုပ်ရတာပေါ့”
“နေရာတိုင်း အခက်အခဲတော့ ရှိတယ်။ ကျနော်တို့နဲ့ စိမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့အတွက် စူးစမ်းလေ့လာပြီးတော့ မိတ်ကောင်းဆွေကောင်းတွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုတွေနဲ့ ကြိုးစား ပေါင်းစပ်ရတာတော့ ရှိတာပေါ့”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ ကိုဗစ် ကာလမှာ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် နှင်းဆီအဖွဲ့သားများနဲ့ New Normal Rose ဖျော်ဖြေမှုများလည်း ပြုလုပ်ခဲ့ပြီး၊ သူ့ရဲ့ ကိုယ်ပိုင် စီးပွားရေး အနေနဲ့ “လမ်းဘေး” (LANDBAY) ကော်ဖီကို ထုတ်လုပ် ခဲ့ပါတယ်။