Entertainment

ဟောလိဝုဒ် အေဂျင်စီ ICM နဲ့ လက်မှတ် ထိုးလိုက်တဲ့ Deepika Padukone

နာမည်ကျော် ဘောလိဝုဒ် မင်းသမီး Deepika Padukone ဟာ ဟောလိဝုဒ် အေဂျင်စီ ICM နဲ့ သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ မင်းသမီးဟာ မင်းသား Vin Diesel နဲ့အတူ “xXx: Return of Xander Cage” ရုပ်ရှင်မှာ အတူတွဲပြီး ဟောလိဝုဒ် အနုပညာလောကထဲ စတင်ရောက်ရှိခဲ့ပြီးနောက် နိုင်ငံရပ်ခြား ဒေသတွေမှာ အလုပ်တွေ ပိုလုပ်နိုင်ဖို့ မျှော်လင့်ထားပုံ ရပါတယ်။

Deadline မီဒီယာရဲ့ သတင်းအရ မင်းသမီး Deepika ဟာ “Schitt’s Creek” စတား မင်းသား Eugene Levy ၊ “Watchmen” စတား မင်းသမီး Regina King နဲ့ “The Crown” စတား မင်းသမီး Olivia Colman တို့လို နာမည်ကျော် သရုပ်ဆောင်တွေရှိတဲ့ ICM အေဂျင်စီနဲ့ လက်မှတ် ရေးထိုးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ICM အေဂျင်စီရဲ့ ဝက်ဘ်ဆိုက်မှာတော့ “ကျနော်တို့ဟာ ဟောလိုဝုဒ်မှာ နာမည် အကျော်ကြားဆုံးနဲ့ အလေးစားခံရဆုံး စတားတချို့ အပါအဝင် အော်စကာ၊ အမ်မီနဲ့ ရွှေကမ္ဘာလုံးဆု ရရှိတဲ့ သရုပ်ဆောင်တွေကို ကိုယ်စားပြုပါတယ်။ ကျနော်တို့ရဲ့ အနုပညာရှင်တွေထဲမှာတော့ သူတို့မျိုးဆက်မှာ အကောင်းဆုံး ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်သူတွေ၊ ရုပ်ရှင်၊ ရုပ်သံနဲ့ စင်မြင့်ပေါ်မှာ မျက်နှာသစ်များ ပါဝင်ကြပါတယ်” လို့ ဖော်ပြထားပါတယ်။

“xXx” ရုပ်ရှင်နဲ့ ပထမဆုံး ပွဲဦးထွက်ခဲ့တဲ့နောက် မင်းသမီး Deepika ဟာ ဟောလိဝုဒ် ဘယ်ရုပ်ရှင်မှာမှ ပါဝင်ဖို့ လက်မှတ် ရေးထိုးတာမျိုး မရှိသေးပါဘူး။

မင်းသမီး Deepika Padukone

သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ မင်းသမီးက “အိန္ဒိယရုပ်ရှင်ဖြစ်လို့၊ နိုင်ငံတကာ ရုပ်ရှင်ဖြစ်လို့ဆိုပြီး တွက်ချက်တာမျိုး ကျမ မလုပ်ပါဘူး။ ဒါပေမဲ့ ကျမကိုယ်ကျမ ဖော်ပြနိုင်မယ့် ကြားခံ တခုကိုတော့ တွက်ချက်ပါတယ်။ တကယ်လို့သာ အခွင့်အရေးက အိန္ဒိယနိုင်ငံ ပြင်ပမှာ ရှိနေတယ်ဆိုရင်လည်း အဆင်ပြေပါတယ်”

“အမေရိကန်ရဲ့ ပြင်ပနဲ့ ကမ္ဘာ့ရဲ့ ဘယ်နေရာမှာ ဆိုရှိနေရလည်းလည်း ကျမက ပျော်ရွှင်စွာနဲ့ အခွင့်အရေးကို တူးဖော်မှာပါ။ ကျမအတွက်တော့ ပါဝင်ရမယ့် အချက်အလက်သာ အဓိက ဖြစ်ပါတယ်။ Xander Cage မှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်က တော်တော်လေးကို ခိုင်မာ အင်အားကောင်းတဲ့ ဇာတ်ကောင်ဖြစ်တဲ့အတွက် အဲ့ဒီရုပ်ရှင်မှာ ပါဝင်ဖြစ်ခဲ့တာပါ။ ဇာတ်ကောင်၊ ပါဝင်ရမယ့်နေရာနဲ့ ရုပ်ရှင်သာ အဓိကဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး မင်းသမီးက “ဟောလိဝုဒ်မှာ တခုခုကို ကျမက တက်တက်ကြွကြွ ရှာဖွေနေတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အိန္ဒိယပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ အကြောင်းအရာအချက်ကတော့ ကျမ ရှာဖွေနေတဲ့အရာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အိန္ဒိယမှာတော့ Deepika ဟာ ဒါရိုက်တာ Shakun Batra ရဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ အဲ့ဒီရုပ်ရှင်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဖစ်ပြီး Ananya Panday နဲ့ Siddhant Chaturvedi တို့လို နာမည်ကျော် သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။

မင်းသမီး Deepika ဟာ မင်းသား ရှရွတ်ခန်နဲ့အတူ “Pathan” ဆိုတဲ့ ရုပ်ရှင်မှာ အတူပါဝင်ဖို့လည်း ရှိနေပါတယ်။ ဒါ့အပြင် ခင်ပွန်း Ranveer Singh နဲ့အတူ ပါဝင်ထားတဲ့ “83” ရုပ်ရှင်မှာလည်း Romi Dev အဖြစ် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Ref: hindustantimes

You may also like these stories:

ဒေါ်နယ်ထရမ့်ထက် ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းကျိန်ပွဲကို ရုပ်သံကနေ ကြည့်ရှုသူ ပိုမိုများပြား

ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time To Die” ရုံတင်ရက်ကို ထပ်မံ ရွှေ့ဆိုင်း

အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဖျော်ဖြေခဲ့ကြသူများ

Loading