ပရိသတ်တွေရဲ့ ချစ်ခင်မှု ရရှိထားတဲ့ အဆိုတော် ရေဗက္ကာဝင်းက သူ့ရဲ့ ဂီတသက်တမ်း ၁၇ နှစ်ပြည့်မှာ မွေးနေ့နဲ့ တိုက်ဆိုင်တာကြောင့် Rebecca Birthday Duet Show လုပ်ဖြစ်တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။
“အခုလာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကျရင် ကျမ ဂီတသက်တမ်းက ၁၇ နှစ်ပြည့်ပြီ။ ကျမ မွေးနေ့နဲ့လည်း တိုက်ဆိုင်တဲ့အတွက် Rebecca Birthday Duet Show ဆိုပြီး Channel k နဲ့ ပေါင်းပြီး လုပ်ဖို့ စီစဉ်နေပါတယ်။ ဒီပွဲလေးမှာ ၁၇ နှစ်အတွင်း ဆိုခဲ့တဲ့ Duet သီချင်းတွေနဲ့ အခုခေတ်နဲ့ ဆီလျော်မယ့် သီချင်းလေးတွေ ရွေးထားတယ်”လို့ အဆိုတော် ရေဗက္ကာဝင်းက ပြောပါတယ်။
အဆိုပါ Duet Show မှာတော့ နယ်ပယ်စုံမှ အမျိုးသား အဆိုရှင်တွေ ပါဝင်မှာ ဖြစ်ပြီး စုစုပေါင်း သီချင်း ၉ ပုဒ် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
“ပါဝင်တဲ့ အမျိုးသားအဆိုရှင်တွေကတော့ နယ်ပယ်စုံအောင် အဆိုတော်တွေရော၊ သရုပ်ဆောင်တွေရော၊ အခု New Generation တွေရော တွဲဖက် သီဆိုဖို့ စီစဉ်ထားပါတယ်။ သီချင်းက စုစုပေါင်း ၉ ပုဒ် သီဆိုမယ်။ သီချင်းတွေ ဆိုမယ့်အပြင် ကျမနဲ့ အတူတူ အနုပညာအလုပ် လုပ်ကြတဲ့ အနုပညာ မောင်နှမတွေရဲ့ အမှတ်တရ စကားတွေ၊ ပရိသတ်တွေ အားပေးခဲ့တဲ့ သီချင်းတွေ၊ ပုံတွေ၊ အမှတ်တရပွဲလေးအဖြစ်နဲ့ လုပ်ဖို့ စီစဉ်ထားတယ်”လို့ ရေဗက္ကာဝင်းက ပြောပါတယ်။
ကိုဗစ်ကာလဖြစ်တာကြောင့် အခြားကာလထက် စီစဉ်ရတဲ့ အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။
“ပုံမှန်ဆိုရင်တော့ ပွဲတခု စီစဉ်ရတာ သွားလာမယ်၊ တွေ့ဆုံမယ်။ Meeting တွေ လုပ်မယ်။ အဲ့လိုမျိုးနဲ့ ပွဲကို စီစဉ်တယ်ပေါ့။ အခုက ကိုဗစ်ကာလလည်း ဖြစ်နေတော့ Chat box ကနေပဲ ဘယ်နေ့ သီချင်းတိုက်နော်။ ဘာရှိတယ်ဆိုတာကို အဲ့ကနေပဲ ပြောဖြစ်တယ်။ ဖုန်းနဲ့ ပြောရတယ်။ ပုံမှန်သွားလာပြီး စီစဉ်ရင်တော့ အဆင်ပြေတာပေါ့”
“ကိုယ်တိုင်လည်း နေကောင်း ကျန်းမာအောင် နေရတယ်။ ပွဲမတိုင်ခင်မှာလည်း တခုခုဖြစ်မှာ စိုးတယ်။ ပါတဲ့သူ အကုန်လုံးကိုလည်း ကျန်းမာရေးတခုခုဖြစ်မှာ စိုးတယ်။ ဂရုစိုက်ခိုင်းရတယ်။ ကိုဗစ်ကာလဖြစ်တော့ အခြားကာလတွေထက် စဉ်းစားရတဲ့ အကြောင်းအရာတွေက ပိုလည်း များတယ်။ အခက်အခဲ အတားအဆီးတွေ များတယ်”လို့ ရေဗက္ကာဝင်းက ပြောပါတယ်။
အဆိုတော် ရေဗက္ကာဝင်းကတော့ သူ့ရဲ့ Rebecca Birthday Duet Show ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး၊ Channel k ကနေ ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ ရေဗက္ကာဝင်းနဲ့အတူ တွဲဖက် သီဆိုကြမယ့် အမျိုးသား အဆိုရှင်တွေကတော့ အဆိုတော် ဖြိုးပြည့်စုံ၊ အောင်ထက်၊ ပိုင်တံခွန်၊ ရှိုင်း ၊ Key ၊ ဝီလျှံ ၊ ရဲရင့်သော်၊ အုပ်စိုးခန့်နဲ့ ငြိမ်းသော်တို့ ဖြစ်ပါတယ်။
You may also like these stories:
“သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ရင် ပရိသတ် အမုန်းခံရတယ်”လို့ ရေဗက္ကာဝင်း ပြော