အခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ အနုပညာရှင် တော်တော်များများဟာ Live Sale များ ပြုလုပ်လာတာကို တွေ့လာရပါတယ်။ ဒီထဲမှာ မေလသံစဉ်လည်း အပါအဝင် ရောင်းပေးဖြစ်တာကို တွေ့ရပါတယ်။
ဒီလို Live Sale များ တခါလုပ်ရင် အနည်းဆုံး ၃ နာရီ ကျော်တတ်တာကြောင့် အခုနောက်ပိုင်းမှာ မရောင်းဖြစ်တော့ဘူးလို့ ဆိုပါတယ်။
“Live Sale ကို ရပ်လိုက်တာ တော်တော်တောင် ကြာနေပြီ။ အဲ့လိုမျိုး ဒါယူပါ ဒါယူပါဆိုပြီး မလုပ်ဖြစ်တော့ဘူး။ ၃ နာရီလောက် ထိုင်ရောင်းရတဲ့အလုပ်မှာ အိမ်မှာ အဘိုးအဘွားတွေလည်းရှိတော့ သူတို့ကလည်း မလုပ်နဲ့တော့လို့ တားတယ်။ မေလလည်း ကိုဗစ်ကြောက်တာလည်း ပါတယ်။ အဘိုးအဘွားတွေ ရှိတာရောကြောင့် မလုပ်ဖြစ်တော့ဘူး။ ဘာတွေလုပ်ဖြစ်လဲဆိုရင် ပစ္စည်းတခုခုနဲ့ ပတ်သက်ပြီး တနာရီလောက် ရှင်းပြမယ်။ အိမ်မှာပဲဖြစ်ဖြစ် သူတို့တွေဆီမှာပဲဖြစ်ဖြစ် ရှင်းပြမယ်။ Live ကတော့ ရပ်ထားတယ်” လို့ မေလသံစဉ်က ပြောပါတယ်။
Live Sale တွေ မလုပ်ဖြစ်ပေမယ့် ကြော်ငြာတွေနဲ့ ကြော်ငြာသီချင်း အပ်ထားတာတွေကို ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ မီနီ အယ်လ်ဘမ်အတွက် သီချင်းတွေ လုပ်ဖြစ်နေပြီး ကိုယ်ပိုင်သီချင်းတွေပါမယ်လို့လည်း သိရပါတယ်။
“မီနီအယ်လ်ဘမ်ကတော့ သိပ်မသေချာသေးဘူး။ အခုမှ သီချင်းဆိုရုံ တီးရုံပဲရှိသေးတော့ ပထမတုန်းက မေလ ပြန်လည်ဆန်းသစ် နှောင်းတခေတ်က ကျတော့ နှောင်းတခေတ်က သီချင်းတွေ ပြန်ဆိုတာဆိုတော့ ဒီတခေါက်တော့ ကိုယ်ပိုင်သီချင်းလေးတွေ ဖြစ်ဖို့များတယ်။ မေလ ရေးတာ ပါမယ်။ တခြားတေးရေးဆရာတွေ ရေးတာပါမယ်။ အဲဒါလေးတွေ စုပြီးတော့ ၆ ပုဒ်၊ ၇ ပုဒ်လောက်ကို Music Video လေးနဲ့ ထုတ်ချင်တယ်။ အဲ့အတွက် ကြိုးစားနေတယ်” လို့ မေလသံစဉ်က ပြောပါတယ်။
“ပြန်လည်ဆန်းသစ် နှောင်းတခေတ်” သီချင်းများနဲ့လည်း ပရိသတ် အားပေးမှုများစွာ ရခဲ့ပြီး အရင်ခေတ်က သီချင်းတွေပဲ ဆိုနေတယ်ဆိုတဲ့ စကားများလည်း ရှိတာကြောင့် ကိုယ်ပိုင်သီချင်းတွေ လုပ်ဖြစ်တာလို့ ဆိုပါတယ်။
“သီချင်းအဟောင်းတွေကျတော့ ပထမတခေါက်က ထွက်ပြီးသား ဖြစ်နေတယ်။ တော်တော်များများကလည်း သိသွားကြတော့လေ။ မေလကိုဆို အရင်ခေတ်က သီချင်းတွေပဲ ဆိုနေတယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်။ အဲဒါကြောင့် ဒီတခေါက်တော့ ကိုယ်ပိုင်သီချင်းဘက်လေး ပိုသွားဦးမယ်။ ကိုယ်ပိုင်သီချင်းပြီးရင်တော့ ပြန်ဆိုတေး ပြန်လုပ်ရင် လုပ်မှာပေါ့။ အဲ့လိုလေး လုပ်ဖြစ်ပါမယ်” လို့ မေလသံစဉ်က ပြောပါတယ်။
မေလသံစဉ်ကတော့ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အဆိုတော် ဖြိုးပြည့်စုံရဲ့ “နွဲ့ဆိုး” သီချင်းမှာ ပါဝင်သရုပ်ဆောင်ပေးထားပြီး သူ့ရဲ့သီချင်းဖြစ်တဲ့ “လူကြီးကို” ရဲ့ Music Video မှာလည်း နေတိုးနဲ့အတူ သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
အမျိုးသားအဆိုရှင် ၉ ယောက်နဲ့ Duet Show ဆိုမယ့် ရေဗက္ကာဝင်း
အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ ထုတ်မယ့် ပစ္စည်းက ဘာဖြစ်မလဲ
“လမ်းဘေး” ကော်ဖီရဲ့ Logo အကြောင်း ရှင်းပြခဲ့တဲ့ ကျော်ကျော်ဗို