ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ယဉ်ကျေးမှု ထုတ်ကုန်တခုကို နာမည်ကြီးဆုပေးပွဲ တပွဲအတွက် စာရင်းသွင်းလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကနဦးဖြန့်ချိခဲ့တဲ့ “Demon Slayer” ရုပ်ရှင်ဟာ “One Piece” ပြီးတဲ့နောက် အအောင်မြင်ဆုံး ကာတွန်းအနေနဲ့ ဇယားတွေ တော်တော်များများမှာ ထိပ်ပိုင်းရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ နိုင်ငံရပ်ခြားမှာလည်း အောင်မြင်မှုရဖို့ မြားဦးလှည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
“Demon Slayer” ကာတွန်းရုပ်ရှင်ဟာ အကောင်းဆုံး ကာတွန်းရုပ်ရှင်ဆု ဆန်ခါတင် စာရင်းအတွက် ထည့်သွင်း စဉ်းစားဖို့ ၉၃ ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲထံ တင်သွင်းခဲ့ကြတဲ့ ကာတွန်းရုပ်ရှင် ၂၇ ကားထဲမှာ တကားအပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဆုပေးပွဲတခုအတွက် ပထမဆုံးတင်သွင်းတဲ့ အန်နီမေးရှင်းစီးရီးတော့ မဟုတ်ပါဘူး။
“Demon Slayer” စီးရီးရဲ့ ပထမဆုံး Season ဟာ ၂၀၁၉ ခုနှစ်ရဲ့ Newtype Anime Awards ဆုပေးပွဲမှာ “Best Anime” ဆုကို ရရှိခဲ့တဲ့အပြင် 2020 Crunchyroll Anime Awards ဆုပေးပွဲမှာလည်း တနှစ်တာအတွက် အကောင်းဆုံး ကာတွန်းရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင် ကိုယ်တိုင်ဟာလည်း ရုံဝင်ငွေ စံချိန်တော်တော်များများကို ချိုးဖျက်ထားတာကြောင့် အခုလိုမျိုး ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်း တင်သွင်းလိုက်တာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ဆန်ခါတင် စာရင်းဝင်ဖို့အတွက် တင်သွင်းခဲ့ကြတဲ့ တခြား ကာတွန်းရုပ်ရှင်တွေထဲမှာတော့ Disney ရဲ့ “Soul” ရုပ်ရှင်၊ Studio Ghibli နဲ့ Goro Miyazaki တို့ရဲ့ “Earwig and the Witch” ရုပ်ရှင်နဲ့ “The Croods: A New Age” ရုပ်ရှင်တို့လည်း ပါဝင်ကြတာကို တွေ့ရပါတယ်။ ဆန်ခါတင် စာရင်းဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို လာမယ့် မတ်လ ၂၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။
တကယ်လို့သာ ဆန်ခါတင်စာရင်း ဝင်ခဲ့မယ်ဆိုရင်တော့ “Demon Slayer” ရုပ်ရှင်ဟာ ၂ နှစ်အတွင်း ဆန်ခါတင်ဆု တဆု ဝင်ခဲ့တဲ့ ဆဋ္ဌမမြောက် အန်နီမေးရှင်းရုပ်ရှင် ဖြစ်လာမှာပါ။ လွန်ခဲ့တဲ့နှစ်တုန်းက အော်စကာဆုအတွက် ဆန်ခါတင် ဝင်ခဲ့တဲ့ အန်နီမေးရှင်းရုပ်ရှင်ကတော့ Studio Chizu ရဲ့ “Mirai” ရုပ်ရှင် ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ ဆန်ခါတင်စာရင်း ဝင်မယ့် ရုပ်ရှင်တွေအတွက် စာရင်းသွင်း ဖော်ပြမယ့် လုပ်ငန်းစဉ်မှာ အပြောင်းအလဲတခု လုပ်ထားပါတယ်။ ဆုအတွက် ဆန်ခါတင်စာရင်းမှာ ဖော်ပြခံရဖို့ စတူဒီယိုတခုတည်းရဲ့ အနည်းဆုံးရုပ်ရှင်ကို ကန့်သတ်တာမျိုး မရှိတော့ဘူး ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်လမ်းတိုနဲ့ အန်တီးမေးရှင်း Feature ရုပ်ရှင်တွေကိုလည်း ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေအနေနဲ့ ကြည့်ရှုအကဲဖြတ်ရမှာ ဖြစ်ပါတယ်။
လက်ရှိ ဂျပန်နိုင်ငံမှာတော့ “Demon Slayer” ရုပ်ရှင်ကို ပြသနေပြီး အဲ့ဒီ အန်နီမေးရှင်းရုပ်ရှင်ရဲ့ စီးရီးကိုတော့ Netflix, Hulu, Funimation နဲ့ Crunchyrol တို့မှာ ကြည့်ရှုနိုင်ပါတယ်။ ဒုတိယမြောက် Season အတွက် ကနဦးထုတ်လုပ်ရေး လုပ်ငန်းတွေ စတင်နေပြီး အခုနှစ် အောက်တိုဘာလထဲမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။
Ref: asiaone
You may also like these stories:
ဂျပန်နိုင်ငံမှာ ဝင်ငွေအကောင်းဆုံး ဖြစ်လာတဲ့ “Demon Slayer” ကာတွန်းရုပ်ရှင်
ဟောလိဝုဒ် အေဂျင်စီ ICM နဲ့ လက်မှတ် ထိုးလိုက်တဲ့ Deepika Padukone
ဂျိမ်းစ်ဘွန်းရုပ်ရှင် “No Time To Die” ရုံတင်ရက်ကို ထပ်မံ ရွှေ့ဆိုင်း