MRTV-4 ဇာတ်လမ်းတွဲများရဲ့ မင်းသမီးတလက်ဖြစ်တဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ သူ သဘောကျတဲ့ ချစ်သူပုံစံကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ချစ်သူထားရင် မောင်လေးထက် ကိုကိုတွေ ပိုပြီးတော့ ကြိုက်တယ်။ ဦးဆောင်နိုင်တဲ့သူ၊ ပြောပြပေးနိုင်တဲ့သူကို သဘောကျတယ်။ အမြဲတမ်း အိမ်မှာလည်း အကြီးဆိုတော့ ကိုယ်ချည်းပဲ ဦးဆောင်ရတာများတယ်။ ဆုံးဖြတ်ရတာ များတယ်။ ချစ်သူထားရင် ကိုယ့်ကို ဦးဆောင်ပေးနိုင်မယ့်သူ၊ ကိုယ်နားမလည်တာမျိုးကို ရှင်းပြပေးနိုင်တဲ့သူကို ကြိုက်တယ်။ မောင်လေးတွေထဲမှာရော ရှိနိုင်လား” လို့ မေမြင့်မိုရ်က ပြောပါတယ်။
ရွေးချယ်တဲ့သူလည်း မှန်ဖို့လိုပြီး နှလုံးသားနဲ့ပဲ ဆုံးဖြတ်လို့ မရတာကြောင့် ဦးနှောက်နဲ့လည်း စဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။
“မေကကျတော့ သစ္စာ မရှိတဲ့သူကို မကြိုက်ဘူး။ အဓိကက ကိုယ်ရွေးချယ်တဲ့သူ မှန်ဖို့ အရေးကြီးတယ်။ ကိုယ်ကဘယ်လောက်ပဲ ချစ်ချစ် ဟိုဘက်က သစ္စာမရှိတဲ့သူ၊ ကိုယ့်အပေါ် တကယ်မချစ်တဲ့သူဆို အဆင်မပြေဘူး။ အဲဒါကြောင့် နှလုံးသားနဲ့ပဲ ဆုံးဖြတ်လို့ မရဘူး။ ဦးနှောက်ကလည်း သူငါ့ကို တကယ်ချစ်ရဲ့လား။ ငါ့အပြင်ရော ဘယ်သူရှိနေသေးလဲ။ မေက သစ္စာမရှိတဲ့သူဆို အရမ်းမုန်းတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။
အရွယ်ရောက်နေတဲ့သူတယောက် ဖြစ်တာကြောင့် ချစ်ခဲ့ဖူးပေမယ့် နောက်ထပ် ချစ်လာတဲ့သူရှိခဲ့ရင်လည်း ပရိသတ်ကို အသိပေးသွားမယ်လို့ ဆိုပါတယ်။
“အချစ်ဆိုလို့ ရှိရင်တော့ ပြောပါမယ်။ အခု လောလောဆယ်တော့ အမြဲ ပြောနေသလို အလုပ်ကိုပဲ ပိုပြီးဦးစားပေးသွားမယ်။ ဒီလိုပဲ ရှိတာပေါ့။ အချစ်ကဘဝမှာ အရေးမကြီးဘူး မဟုတ်ပါဘူး။ သူ့အကန့်နဲ့သူတော့ အရေးကြီးတယ်။ အလုပ်ဆိုတာလည်း အရေးကြီးတယ်။ သူ့ဟာနဲ့သူ ဖြစ်လာမှာပါ။ အချိန်တခုရောက်ရင် အလုပ်ရော၊ ချစ်သူရော အဆင်ပြေလာလိမ့်မယ်လို့ ထင်ပါတယ်”
“အရမ်းချစ်လာတဲ့အချိန်ဆိုရင်တော့ ပရိသတ်ကို ပြောမှာပါ။ အိမ်ထောင်ပြုဖို့အတွက် ၃၀ ကျော်လောက်ကို စဉ်းစားထားပေမယ့် တွေ့တဲ့အပေါ်မှာ မူတည်ပါတယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။
မေမြင့်မိုရ်က အနုပညာလှုပ်ရှားမှုအနေနဲ့ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ရွာလည်တဲ့ဖူးစာ” ဆိုတဲ့ Romance Comedy ဇာတ်လမ်းတွဲကို MRTV-4 မှာ မတ်လအတွင်း ပြသသွားမယ်လို့ သိရပါတယ်။
You may also like these stories:
Live Sale တွေ မလုပ်ဖြစ်တော့တဲ့ အဆိုတော် မေလသံစဉ်
အမျိုးသားအဆိုရှင် ၉ ယောက်နဲ့ Duet Show ဆိုမယ့် ရေဗက္ကာဝင်း
အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ ထုတ်မယ့် ပစ္စည်းက ဘာဖြစ်မလဲ