အဆိုတော် ချမ်းချမ်းကတော့ သူ့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို အီတလီနိုင်ငံမှာ သွားရောက် မွေးဖွားမယ့်အကြောင်း အခုလိုပဲ ပြောပါတယ်။
“ကျမ အမျိုးသားကလည်း အီတလီလူမျိုး ဖြစ်တယ်။ ကျမ ယောက္ခမတွေကလည်း အီတလီမှာ နေတာ။ မြန်မာနိုင်ငံကို လာဖို့ကျတော့ အဆင်မပြေဘူး။ သူတို့အတွက် မြေးဦးလည်း ဖြစ်တယ်။ ပြီးတော့ အသက်လည်း ကြီးကြပြီဆိုတော့ လေယာဉ်စီးပြီး ကိုဗစ်ကာလမှာ လာဖို့လည်း အဆင်မပြေလို့ ကိုယ်မွေးမှာလည်း အီတလီသွေးပါတော့ သူ့လူမျိုး၊ သူ့နိုင်ငံပဲ အသက်ကြီးလာရင်လည်း ကောင်းတာပေါ့နော်။ အဲ့ဒါကြောင့် အီတလီနိုင်ငံမှာ သွားမွေးဖြစ်တာပါ”လို့ ချမ်းချမ်းက ပြောပါတယ်။
အခုလက်ရှိ အချိန်ဟာ ကိုဗစ်ကာလ ဖြစ်တာကြောင့် စည်းမျဉ်းစည်းကမ်းတွေ များပြီး ကိုယ်ဝန် အရမ်း မရင့်ခင် ၂ လလောက် ကြိုပြီး သွားဖြစ်တာလို့ ဆိုပါတယ်။
“အခုချိန်မှာ ခရီးသွားရတာ စည်းမျဉ်းစည်းကမ်းတွေ များတာပေါ့။ ကျမက မိသားစုအတွက် သွားတာဆိုတော့ Flight တွေက ရှိတယ်။ အဆင်ပြေပါတယ်။ အစ်ကိုကလည်း အကုန် စီစဉ်ပေးပါတယ်။ ကျမကို မွေးဖို့ ဧပြီ ဒုတိယပတ်လို့တော့ ပေးထားတယ်”
“အခုချိန်ကတည်းက သွားရတာကလည်း ရက်သတ္တပတ် ၃၀ ကျော်ရင် Flight က ပေးမစီးတော့ဘူး။ အဲ့ဒါကြောင့် ၂ လလောက် ကြိုသွားရတာပေါ့။ အနားနီးမှပဲ သွားချင်တာပေါ့။ အဆင်မပြေတာကြောင့်ကြိုသွားနေလိုက်ရတာပေါ့။ မွေးပြီးရင်တော့ မေလောက် ပြန်လာမှာ”လို့ ချမ်းချမ်းက ပြောပါတယ်။
ဒုတိယသမီးလေး ကိုယ်ဝန်ဆောင်ချိန်မှာလည်း ပထမကိုယ်ဝန်လို ပြန်ဖြစ်ပြီး အစကနေ ပြန်စရတယ်လို့ ချမ်းချမ်းက ဆိုပါတယ်။
“ဒုတိယ ကိုယ်ဝန်ကတော့ အသစ်လို ပြန်ဖြစ်တာပေါ့။ ပထမကိုယ်ဝန်လို ပြန်ဖြစ်ပြီး အစကနေ ပြန်စရတယ်။ ဘာမှ မသိတော့ဘူး။ သမီးလေး နှစ်ယောက်လုံးကို ကိုယ်ဝန်လွယ်ရတာ မူးတာ အော့အန်တာ ဘာမှ မရှိဘူး။ သွက်လက်တယ်။ စားလည်း စားဝင်တယ်။ အိပ်လည်း အိပ်ပျော်တော့ ကံကောင်းတာပေါ့။ ကံကောင်းတဲ့ သမီးလေးတွေပေါ့”လို့ ချမ်းချမ်းက ပြောပါတယ်။
သမီးကြီးလေးဖြစ်တဲ့ မြမိုးဂင်္ဂါကို အီတလီနိုင်ငံကို မခေါ်သွားဖြစ်တာကိုလည်း ချမ်းချမ်းက အခုလိုပဲ ပြောပါတယ်။
“ဂင်္ဂါလေး မခေါ်ဖြစ်ဘူး။ မခေါ်ဖြစ်တာက ငယ်တာရော၊ နောက်အစားအသောက်တွေကို သူက မကြိုက်ဘူး။ ကျမလည်း မစားတတ်ဘူး။ ကျမက လူကြီးဆိုတော့ စားနိုင်သေးတယ်။ သမီးက သိပ်မကြိုက်တော့ သူစားဖို့ကို အညှော်တွေ လုပ်ပေးဖို့က အဆင်မပြေဘူး။ ကလေးက ပျင်းလာမှာ”
“Quarantine ၁၄ ရက်ကလည်း အိမ်ထဲပဲ နေရမှာဆိုတော့ အဆင်မပြေဘူး။ သမီးကို သေချာရှင်းပြတယ်။ သမီးကလည်း သမီးက အိမ်ထဲမှာ မနေနိုင်ဘူး။ မားမားလည်း မီးကို Take care လည်း မလုပ်နိုင်ဘူး။ ကျောင်းလည်းရှိတော့ အခက်ခဲရှိတာပေါ့။ ခေါ်တာတော့ ခေါ်ချင်တာပေါ့။ မခွဲချင်ဘူး။ Video call တွေ ခေါ်ကြမှာပေါ့”လို့ ချမ်းချမ်းက ပြောပါတယ်။
အဆိုတော် ချမ်းချမ်းကတော့ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဒုတိယကိုယ်ဝန် လွယ်ထားရကြောင်း ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပြီး ဧပြီလအတွင်း ဒုတိယ သမီးလေးကို အီတလီနိုင်ငံမှာ မွေးဖွားတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
ဦးဆောင်နိုင်မယ့်သူမျိုးကို သဘောကျတဲ့ မေမြင့်မိုရ်
Live Sale တွေ မလုပ်ဖြစ်တော့တဲ့ အဆိုတော် မေလသံစဉ်
အမျိုးသားအဆိုရှင် ၉ ယောက်နဲ့ Duet Show ဆိုမယ့် ရေဗက္ကာဝင်း