မင်းသား Dwayne Johnson ဟာ ဟောလိဝုဒ်လောကမှာ အအောင်မြင်ဆုံးနဲ့ နာမည်အကျော်ကြားဆုံး အနုပညာရှင်တယောက် ဖြစ်ပေမယ့် သူ့ရဲ့ဘဝမှာ နပန်းချန်ပီယံ၊ ဘောလုံးသမားနဲ့ သရုပ်ဆောင်တဦးဆိုတာထက် သူဖြစ်ချင်တဲ့အရာ တော်တော်များများ ရှိနေပါသေးတယ်။
အဲဒီ အကြောင်းအရာတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကျရင် NBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “Young Rock” ဆိုတဲ့ ဟာသ ရုပ်သံစီးရီး အသစ်ထဲမှာ မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ နေရာစုံမှာ သူကျင်လည်ခဲ့ရတဲ့ ဘဝဇာတ်လမ်း အကြောင်းအရာတွေကို ရှုမြင်ခံစားရမှာလည်း ဖြစ်ပါတယ်။
“Fast & Furious” မင်းသား The Rock က “ကမ္ဘာကြီးကို ကျနော် မျှဝေချင်တဲ့အရာ တော်တော်များ များ ရှိနေပါတယ်” လို့ အစီအစဉ်ရဲ့ အစပိုင်းမှာ ပြောဆိုထားပါတယ်။
“Young Rock” စီးရီးထဲမှာတော့ လာမယ့် ၂၀၃၂ ခုနှစ်ကျရင် အမေရိကန်သမ္မတအဖြစ် မင်းသားက ဝင်ရောက် အရွေးခံမယ့် စိတ်ကူးယဉ်ကိစ္စ အကြောင်းကို ဖော်ပြထားသလို၊ နောက်ထပ် ပရိသတ်တွေ မသိကြသေးတဲ့ သူ့ရဲ့ ဘဝအကြောင်း တစေ့တစောင်းကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သရုပ်ဆောင်၊ ထုတ်လုပ်သူ ဖြစ်တဲ့ မင်းသားဟာ မကြာခဏဆိုသလို အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံ ယှဉ်ပြိုင်လိုကြောင်း ပြောကြားလေ့ရှိပေမယ့် ၂၀၁၉ ခုနှစ်တုန်းကတော့ သူဝင်ရောက် ယှဉ်ပြိုင်ဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ ပြောဆိုထားဖူးပါတယ်။
အသက် ၄၈ နှစ်အရွယ် မင်းသား Johnson ရဲ့ အသက် ၁၀၊ ၁၅ နဲ့ ၁၈ နှစ်အရွယ် ပုံစံကို ပုံဖော်ရာမှာ သရုပ်ဆောင် ၃ ဦး ပါဝင်ထားပြီး နာမည်ကျော် နပန်းသမားကြီး Rocky Johnson ရဲ့ သားအဖြစ် ဟာဝိုင်အီပြည်နယ်မှာ ကြီးပြင်းခဲ့ရပုံကိုလည်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
အသက် ၁၃ နှစ်အရွယ်အထိ အမေရိကန်ပြည်နယ် ၁၃ ခုမှာ နေထိုင်ခဲ့ဖူးတဲ့ မင်းသားဟာ ငယ်ရွယ်စဉ်ဘဝမှာ အဖမ်းခံရမယ့် အရေးနဲ့ အမြဲရင်ဆိုင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မင်းသား Johnson က “ရိုင်းစိုင်းပြီး ရူးမိုက်တယ်ဆိုတဲ့ စကားလုံးတွေကို ကျနော်တို့ သုံးပါမယ်။ ဒါပေမဲ့ တော်တော်လေးကို ရှုပ်ထွေးပြီး ကြီးပြင်းခဲ့ရတဲ့ဘဝမှာ တော်တော်လေး ကြမ်းတမ်းခဲ့ပါတယ်” လို့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ရုပ်သံသတင်းထောက်တွေကို ပြောကြားထားပါတယ်။
မင်းသားက “ကျနော် မှတ်မိသလောက် အသက် ၁၈ နှစ်အရွယ်မှာ ကျနော့်ကိုယ်ကျနော် ဖန်တီးမယ့်အရာတခုအတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒါက ကျနော့်အတွက် အရမ်းအရေးကြီးခဲ့ပါတယ်” လို့ထပ်လောင်း ပြောကြားထားပါတယ်။
မင်းသား Johnson ဟာ ဟောလိဝုဒ်မှာ ဝင်ငွေအများဆုံး သရုပ်ဆောင်တဦးဖြစ်တဲ့အပြင် Instagram မှာလည်း Follower ၂၁၄ သန်းကျော် ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သူဟာ ကာတွန်းရုပ်ရှင် “Moana” မှ ဟာသရုပ်သံစီးရီး “Ballers” အထိ သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
ဟယ်ရီပေါ်တာ ရုပ်ရှင်ကို ရုပ်သံစီးရီးအဖြစ် ပြသဖို့ စီစဉ်နေ
ဂျပန် ကာတွန်းရုပ်ရှင် “Demon Slayer” ကို အော်စကာဆု ရွေးချယ်ရေးအတွက် တင်သွင်း
ဟောလိဝုဒ် အေဂျင်စီ ICM နဲ့ လက်မှတ် ထိုးလိုက်တဲ့ Deepika Padukone