အခု ရောက်ရှိနေတဲ့ ၂၀၂၁ ခုနှစ်ကတော့ ဟောလိဝုဒ်ရုပ်ရှင် လောကအတွက် ကံကောင်းတဲ့ နှစ်တနှစ်တော့ မဟုတ်ပါဘူး။ ပုံမှန်ဆို တလကို ရုပ်ရှင်အသစ် ၁၀ ကားလောက် ကြည့်နေရချိန်မှာ အခုတော့ တလကို ရုပ်ရှင်အသစ် တကားတောင် ကြည့်ရဖို့ မကျိန်းသေတဲ့ အနေအထားတွေ ဖြစ်နေပါတယ်။
ရုပ်ရှင်လုပ်ငန်းစုကြီးရှိရာ အနောက်နိုင်ငံတွေမှာ ကပ်ရောဂါက အရှိန်အဟုန် မသေသေးတာကြောင့် ရုပ်ရှင် စတူဒီယိုတွေ အနေနဲ့လည်း သူ့တို့ရဲ့ ရုပ်ရှင်တွေကို ဖြန့်ချိဖို့ အချိန်အခါ မကျသေးကြောင်း စတင်နားလည် သဘောပေါက်လာကြပြီး၊ ပရိသတ် မဝင်ရောက်ခြင်းနဲ့ လက်မှတ် အနည်းငယ်သာ ရောင်းချရမှုတို့ကို ရှောင်ရှားဖို့အတွက် ရုံတင်မယ့်ရက်ကို ရွှေ့ဆိုင်းတာမျိုး လုပ်ဆောင်လာကြပါတယ်။
လက်ရှိ ဒီသတင်းကို ရေးသားနေချိန်အထိ ရုံတင်ရက် ရွှေ့ဆိုင်းထားတဲ့ ရုပ်ရှင် ၁၄ ကားကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Nobody (Universal Pictures)
“Nobody” ရုပ်ရှင်ကတော့ မင်းသား Bob Odenkirk ဦးဆောင် ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်မှာ PTSD ရောဂါကို ခံစားနေရတဲ့ Hutch ဆိုတဲ့ အမျိုးသားတဦးဟာ အိမ်ဖောက်ထွင်းခံရမှု တခုကနေ သူ့ရဲ့ အိမ်နီးချင်းတွေကို ကယ်တင်ခဲ့ပြီးနောက် သူနဲ့ သူ့ရဲ့မိသားစုဟာ ရုရှားမူးယစ်ရာဇာ တဦးရဲ့ ပစ်မှတ်ထား ကလဲ့စားချေမှုကို ရင်ဆိုင်ရခဲ့ရပါတယ်။ အဲ့ဒီရုပ်ရှင်ကို လာမယ့် ဧပြီလ ၂ ရက်နေ့ကျမှ ရုံတင်မှာ ဖြစ်ပါတယ်။
(၂) Peter Rabbit 2: The Runaway (Sony)
“The Peter Rabbit” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းမှာတော့ James Corden, Daisy Ridley, Domhnall Gleeson နဲ့ Margot Robbie တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုတခေါက်ဇာတ်လမ်းမှာတော့ Peter ရဲ့ မိသားစုက သူ့ကို အိမ်ပြန်ခေါ်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ဟာသဇာတ်မြူး ရုပ်ရှင်တွေထဲက တခုဖြစ်တဲ့ “Peter Rabbit 2: The Runaway” ကိုတော့ လာမယ့် ဇွန်လ ၁၁ ရက်နေ့ကျမှ ပြသမှာ ဖြစ်ပါတယ်။
(၃) Cinderella (Sony)
အဆိုတော် Camila Cabello ပါဝင်သရုပ်ဆောင်ထားတဲ့ Cinderella ရုပ်ရှင်ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြသမယ့်အစား ဇူလိုင်လ ၁၆ ရက်နေ့ကျမှသာ ပြသတော့မှာ ဖြစ်ပါတယ်။ Sony ကုမ္ပဏီကထုတ်လုပ်ပြီး Kay Cannon က ရိုက်ကူးထားတဲ့ အဲ့ဒီ ဒဏ္ဍာရီလာ ပုံပြင်ဇာတ်လမ်းမှာ Billy Porter နဲ့ Indina Menzel တို့လို နာမည်ကျော် ပြဇာတ် သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။
(၄) BIOS (Universal Studios)
ကမ္ဘာပေါ်မှာ တဦးတည်း ကျန်ရစ်ခဲ့သူအဖြစ် မင်းသားကြီး Tom Hanks သရုပ်ဆောင်ထားတဲ့ “BIOS” ရုပ်ရှင်မှာတော့ ခွေးကို ကာကွယ်ဖို့ Andriod တခုကို တီထွင်သူအဖြစ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ “Game of Thrones” စီးရီးဒါရိုက်တာ Miguel Sapochnik ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ကိုတော့ လာမယ့် သြဂုတ်လ ၁၃ ရက်နေ့ကျရင် ပြသမှာ ဖြစ်ပါတယ်။
(၅) The King’s Man (20th Century Studios)
“Kingsman” ကာတွန်းစီးရီးစာအုပ်ကို အခြေခံထားတဲ့ “The King’s Man” ရုပ်ရှင်ကတော့ ထောက်လှမ်းရေး၊ အက်ရှင်၊ ဟာသဇာတ်မြူး ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အခုရုပ်ရှင်ဟာ Kingsman ရုပ်ရှင်စီးရီးတွေထဲက တတိယမြောက် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ကနဦးမှာတော့ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ သြဂုတ်လ ၂၀ ရက်နေ့မှသာ ရုံတင်တော့မှာဖြစ်ပါတယ်။
(၆) A Quiet Place: Part II (Paramount Pictures)
“A Quiet Place” ရုပ်ရှင် အောင်မြင်ခဲ့ပြီးတဲ့နောက် မင်းသား John Krasinski ဟာ “A Quiet Place: Part II” ရုပ်ရှင်အတွက် စာရေးသူ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင်အဖြစ် ပူးတွဲ တာဝန်ယူထားပါတယ်။ အခု နောက်ဆက်တွဲ ရုပ်ရှင်မှာတော့ အသံကြားရုံနဲ့ လိုက်လံ သတ်ဖြတ်တဲ့ သတ္တဝါဆိုးတွေ ထိန်းချုပ်ထားတဲ့ ကမ္ဘာ့ပြင်ပ နေရာကို ထွက်လာကြပုံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ကျမှ ရုံတင်မှာ ဖြစ်ပါတယ်။
(၇) No Time To Die (Sony)
မင်းသား Daniel Craig ရဲ့ ပဉ္စမမြောက်နဲ့ နောက်ဆုံးအနေနဲ့ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ထားတဲ့ အဲ့ဒီရုပ်ရှင်မှာတော့ ပြန်ပေးဆွဲခံထားရတဲ့ သိပ္ပံပညာရှင်တဦးကို ကယ်တင်ဖို့ Felix Leiter ကို ကူညီရတဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Cary Joji Fukunaga ရိုက်ကူးထားတဲ့ “No Time to Die” ရုပ်ရှင်ကို ဧပြီလ ၂ ရက်နေ့ပြသဖို့ စီစဉ်ထားပေမယ့် အခုတော့ အောက်တိုဘာလ ၈ ရက်နေ့ကျမှသာ ရုံတင်တော့မှာ ဖြစ်ပါတယ်။
(၈) Ron’s Gone Wrong (20th Century Studios)
“Ron’s Gone Wrong” ရုပ်ရှင်မှာတော့ အသက် ၁၁ နှစ်အရွယ် ကောင်လေးတဦးနဲ့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း စက်ရုပ်လေးအကြောင်း ရိုက်ကူးထားပါတယ်။ ကနဦးတုန်းကတော့ လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ အောက်တိုဘာလ ၂၂ ရက်နေ့ကျမှသာ ရုံတင်တော့မှာဖြစ်ပါတယ်။
(၉) Last Night In Soho (Universal Pictures)
ဒါရိုက်တာ Edgar Wright ရဲ့ စိတ္တဇ သည်းထိတ်ရင်ဖို ရုပ်ရှင်ကတော့ လန်ဒန်မြို့မှာ ရှိတဲ့ ဖက်ရှင်ကျောင်းသား တယောက် အကြောင်း ဖြစ်ပြီး လာမယ့် မေလမှာ ပြသဖို့ စီစဉ်ထားခဲ့ရာကနေ အောက်တိုဘာလ ၂၂ ရက်နေ့ကျမှပဲ ရုံတင်တော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ပတ်သက်လို့ အသေးစိတ်အကြောင်းအရာတွေကို မသိရသေးပေမယ့်လည်း အခုရုပ်ရှင်ကတော့ ဒါရိုက်တာ Wright ရဲ့ အရင်ရုပ်ရှင်တွေနဲ့ တော်တော်လေးကို မတူကွဲပြားတယ်လို့ သိရပါတယ်။
(၁၀) Ghostbusters: Afterlife (Sony)
“Ghostbusters: Afterlife” ရုပ်ရှင်ကတော့ မူရင်းဇာတ်ရုပ်ရှင် နှစ်ကားရဲ့ နောက်ဆက်တွဲရုပ်ရှင် ဖြစ်ပြီး ပုံစံအသစ် ခံစားမှုအစစ်နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Jason Reitman ရဲ့ အဲ့ဒီရုပ်ရှင်ပြသမယ့်ရက်ကို နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ရက်ရွှေ့ဆိုင်းထားပါတယ်။
(၁၁) Morbius (Marvel Studios/Sony)
“Morbius” ရုပ်ရှင်ကတော့ မင်းသား Jared Leto ရဲ့ ဒုတိယမြောက် စူပါဟီးရိုး ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အခုတခါမှာတော့ ကိုယ်တိုင်ခံစားနေရတဲ့ ရှားပါးတဲ့ သွေးရောဂါကို ကုစားရမယ့် ဇီဝဓာတုပညာရှင် Michael Morbius အဖြစ်သူ့ကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ စမ်းသပ်မှုတွေ ချွတ်ချော်သွားခဲ့တဲ့ အခါမှာတော့ သူဟာ ဗီလိန်တဦးအနေနဲ့ ပြောင်းလဲသွားခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်ကို လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ရုံတင်ဖို့ ကနဦး စီစဉ်ထားခဲ့ပေမယ့် လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ရက်ရွှေ့ဆိုင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
(၁၂) Uncharted (Sony)
“Uncharted” ရုပ်ရှင်ကတော့ အက်ရှင်စွန့်စားခန်း ရုပ်ရှင်ဖြစ်ပါတယ်။ ရတနာသိုက်ရှာဖွေသူ Nathan Drake အကြောင်း မြင်တွေ့ရမှာဖြစ်ပြီး အခုတခေါက်တော့ တောင်အမေရိကတိုက်က ရွှေမြို့တော် El Dorado ကို ရှာပုံတော်ဖွင့်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကိုတော့ လာမယ့်ဇူလိုင် ၁၅ ရက်နေ့မှာ ရုံတင်ဖို့ သတ်မှတ်ထားခဲ့ပေမယ့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ရွှေ့ဆိုင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
(၁၃) Top Gun: Maverick (Paramount Pictures)
နာမည်ကျော် ရုပ်ရှင်တော်တော်များများဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ဒါမှမဟုတ် ၂၀၂၂ ခုနှစ် အစောပိုင်းအထိ ရက်ရွှေ့သွားခဲ့ရပြီး အလားတူ ရိုက်ခတ်မှုမျိုးကို “Top Gun: Maverick” ရုပ်ရှင်လည်း ခံစားခဲ့ရပါတယ်။ တခြားရုပ်ရှင်တွေလို မင်းသား Tom Cruise က သူ့ရဲ့ ရုပ်ရှင်ကို Streaming ဝန်ဆောင်မှုတခုခုထံ ရောင်းချမှာလည်း မဟုတ်တာကြောင့် လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှသာ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။
(၁၄) Black Widow (Marvel Studios)
၂၀၂၀ ပြည့်နှစ်မှာကတည်းက ရုံတင်ဖို့ စီစဉ်ထားခဲ့တဲ့ Marvel ရုပ်ရှင်ဖြစ်တဲ့ Black Widow ဟာ ကပ်ရောဂါ ဆက်ဖြစ်နေဆဲ ဖြစ်တာကြောင့် နောက်ထပ် ရက်ရွှေ့ဆိုင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အတည်ပြုချက်တော့ မထွက်သေးပါဘူး။
Ref: asiaone
You may also like these stories:
ဟောလိဝုဒ် အေဂျင်စီ ICM နဲ့ လက်မှတ် ထိုးလိုက်တဲ့ Deepika Padukone
ဂျပန် ကာတွန်းရုပ်ရှင် “Demon Slayer” ကို အော်စကာဆု ရွေးချယ်ရေးအတွက် တင်သွင်း
“Esports ကို မသိပေမယ့် မြန်မာလူငယ်တွေ ကမ္ဘာအဆင့်မီတာ ဂုဏ်ယူတယ်”