Entertainment

အနုပညာ အရည်အသွေးပါတဲ့ အလုပ်ကိုပဲ လုပ်ပြချင်တဲ့ အောင်ရေချမ်း

ဆိုရှယ်မီဒီယာမှာ လှုပ်လှုပ်ခတ်ခတ် သိပ်နေလေ့ မရှိတဲ့ သရုပ်ဆောင် အောင်ရေချမ်းက တကယ့်အနုပညာ အရည်အသွေး ပါတာတွေပဲ လုပ်ပြချင်တယ်လို့ ဆိုပါတယ်။

“ပရိသတ်ကိုတော့ ပြောနေကျ စကားအတိုင်းပဲ ကျနော် အနုပညာသမားတယောက် ဖြစ်တဲ့အတွက် ပရိသတ်ကို လေးစားတယ်။ ပရိသတ်ကို လေးစားတဲ့အတွက် မလေးမစားဖြစ်မယ့် အလုပ်မျိုး လုံးဝ မလုပ်ပါဘူး။ အဲဒါကြောင့် ကျနော် အနုပညာနဲ့ ပတ်သက်ပြီး ကိုယ်တကယ် ကြုံဆုံပြီးတော့ တကယ် လုပ်ခွင့်ရတာမျိုးကိုပဲ လုပ်မယ်။ ပြောချင်တာကတော့ ပေါ်ပင်အလုပ်တွေ သိပ်မလုပ်ချင်ဘူး။ တကယ် အနုပညာ အရည်အသွေးပါတဲ့ အလုပ်ကိုပဲ လုပ်ပြချင်တယ်။ ပရိသတ်လည်း အားပေး ဝေဖန်ပေးပါ” လို့ အောင်ရေချမ်းက ပြောပါတယ်။

အောင်ရေချမ်းကတော့ ဟော့ဖြစ်နေတာမျိုးတွေကိုလည်း လိုက်လုပ်လေ့ မရှိဘဲ တခြားသူများအောင်မြင်သွားမျိုးကို လေ့လာပြီး သူများလုပ်တဲ့အတိုင်း လိုက်လုပ်လေ့ မရှိဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် အောင်ရေချမ်း (ဓာတ်ပုံ – Aung Yay Chan’s Facebook)

“ကျနော်က ကိုယ့်ဘာသာ နေတာ များတယ်။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်တာ များတယ်။ သူများလုပ်တာတွေကို လိုက်လုပ်တတ်တဲ့ အကျင့် မရှိဘူး။ သူများ Tiktok ဆော့တဲ့အချိန် လိုက်ဆော့တာမျိုး မရှိဘူး။ ဒီတခု ဟော့တဲ့အချိန် လိုက်လုပ်ရမယ်ဆိုတဲ့ အသိ မရှိဘူး။ ဒီတခု ဟော့တယ်ဆို ထိုင်ကြည့်နေတယ်။ ကျနော့်ပုံစံက အဲ့လိုပေါ့။ တခုခုဖြစ်လို့ အောင်မြင်သွားတာမျိုးတွေကို ကြည့်တယ်။ လေ့လာတယ်။ ငါပါ လိုက်လုပ်ရမယ်၊ ဒီလို နေရမယ်ဆိုတဲ့စိတ် မရှိဘူး။ ကျနော် လုပ်ချင်ရာ လုပ်တယ်။ ကျနော် မလုပ်ချင်ရင် မလုပ်ဘူး” လို့ အောင်ရေချမ်းက ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ Active မဖြစ်တဲ့ အခါမျိုးတွေမှာ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်မှာကို ကြောက်မိလားဆိုတာကိုလည်း အခုလို ပြောပါတယ်။

“မကြောက်ပါဘူး။ ကျနော်က စလုပ်ကတည်းက Facebook ကနေ အဆက်အသွယ် နည်းပါတယ်။ ကျနော့်အလုပ်က Facebook ကနေ ချပြချင်တဲ့အလုပ် သိပ်မလုပ်ဖြစ်တာလည်း ပါတယ်။ မလုပ်ချင်တာတော့ မဟုတ်ဘူး။ လုပ်လည်း လုပ်ချင်ပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ပင်ကိုယ်ပုံစံကလည်း တီဗီဖန်သားပြင်မှာပဲ ချပြချင်တာ ပါတယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။

၂၀၂၁ မှာလည်း သူလုပ်နေကျပုံစံ မဟုတ်တဲ့ ဟာသဇာတ်ရုပ်နဲ့ မြင်တွေ့ရမှာဖြစ်ပြီး အဆိုပါ ဇာတ်လမ်းတွဲကိုလည်း မကြာခင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

သရုပ်ဆောင် အောင်ရေချမ်းကတော့ အခုအချိန်ထိ ဇာတ်လမ်းတွဲ ၁၀ ခုခန့် ရိုက်ကူးပြီးခဲ့ပြီ ဖြစ်ပြီး ရုပ်ရှင်ကားကြီးများမှာ ပါဝင်ခွင့်ရခဲ့သူတယောက် ဖြစ်ပါတယ်။

You may also like these story:

၂၀၂၁ မှာ ဟာသဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် အောင်ရေချမ်း

Loading