နာမည်ကျော် ဘောလိဝုဒ်နဲ့ ဟောလိဝုဒ် မင်းသမီး Priyanka Chopra (ပရီရန်ကာ ချိုပရာ) က သူပါဝင် သရုပ်ဆောင်ထားတဲ့ “The White Tiger” ရုပ်ရှင်ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ Netflix မှာ လက်ရှိ နာမည်အကျော်ကြားဆုံး ရုပ်ရှင်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။
မင်းသမီး Priyanka ဟာ Netflix ကနေ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ လူကြိုက်အများဆုံး ရုပ်ရှင်စာရင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့တုန်းက သူ့ရဲ့ Instagram Stories မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ “The White Tiger” ရုပ်ရှင်ရှိနေပြီး အဲ့ဒီအနောက်မှာတော့ “Outside the Wire” ရုပ်ရှင် ရှိနေပါတယ်။ မင်းသမီးရဲ့ နောက်ထပ် ဟောလိဝုဒ်ရုပ်ရှင် “We Can Be Heroes” ရုပ်ရှင်က တတိယနေရာမှာ ရပ်တည်နေပါတယ်။
မင်းသမီးက “The White Tiger ရုပ်ရှင်ကို Netflix မှာ နံပါတ် ၁ ရောက်နေတာကို မြင်တွေ့ရတာ အရမ်းပျော်ရွှင်ရပါတယ်။ အားပေးမှုတွေ အားလုံးအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဆက်ကြည့်ပေးကြပါဦး။ ပြီးတော့ ရှင်တို့ ဘာတွေထင်ကြလဲ ဆိုတာကိုလည်း ကျမ သိချင်ပါတယ်” လို့ ပို့စ်မှာ ရေးသားခဲ့ပါတယ်။
“The White Tiger” ရုပ်ရှင်ကို ဒါရိုက်တာ Ramin Bahrani ရိုက်ကူးခဲ့တာဖြစ်ပြီး ဝတ္ထုရေးဆရာ Aravind Adiga ရဲ့ ဝတ္ထုကို အခြေခံထားတာလည်း ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်မှာတော့ အိန္ဒိယမင်းသား Adarsh Gourav က ဦးဆောင်ပါဝင်ထားပါတယ်။ မင်းသမီး Priyanka နဲ့ မင်းသား Rajkummar Rao ကတော့ ဇာတ်ပို့အဖြစ် ပါဝင်ထားပါတယ်။ မင်းသမီးက အဲ့ဒီရုပ်ရှင်ကို သူကိုယ်တိုင် ပူးတွဲထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ “The White Tiger” ရုပ်ရှင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။
The Hindustan Times မီဒီယာရဲ့ ရုပ်ရှင်သုံးသပ်ချက်မှာတော့ “တက်သစ်စမင်းသား Adarsh Gourav ရဲ့ တောက်ပ ထူးခြားတဲ့ တင်ဆက်မှုဖြစ်ပြီး နွားရိုင်းတကောင်ကို ချိုကနေ ထိန်းချုပ်ခဲ့နိုင်ရုံသာမက ထိန်းကွပ်နိုင်ခဲ့သလိုမျိုး ထူးခြားပါတယ်။ သူဟာ အမီတာဘဂျမ်းရဲ့ အရေးပေါ်မျိုးဆက်သစ်လို့ ဆိုနိုင်မယ့် အိန္ဒိယ မိုဒီ ခေတ်လွန်မှာ Angry Young Man တယောက် ဖြစ်ပါတယ်” လို့ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့တုန်းကတော့ မင်းသား Adarsh ဟာ အဲ့ဒီရုပ်ရှင်နဲ့ပဲ Independent Spirit Awards ဆုပေးပွဲအတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု လျာထားခံခဲ့ရပါတယ်။ Netflix ဟာ အခုဆုပေးပွဲ ရာသီအတွက် ဇာတ်ပို့ဆုတွေ ပေးအပ်တဲ့ နေရာမှာ မင်းသမီး Priyanka နဲ့ မင်းသား Rajkummar တို့ ရရှိရေးတို့အတွက်လည်း တွန်းအားပေး လုပ်ဆောင်နေပါတယ်။
လက်ရှိမှာတော့ မင်းသမီး Priyanka ဟာ ဒါရိုက်တာ Russo Brothers နဲ့အတူ “Citadel” ဆိုတဲ့ ရုပ်ရှင်အတွက် ပြင်ဆင်နေပါတယ်။ အဲ့ဒီရုပ်ရှင်မှာ “Game of Thrones” မင်းသား Richard Madden လည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
၂၀၂၁ ခုနှစ်အတွင်း ရုံတင်ရက် ရွှေ့သွားတဲ့ ရုပ်ရှင် ၁၄ ကား
Dwayne Johnson ရဲ့ဘဝအကြောင်း ရိုက်ထားတဲ့“Young Rock”စီးရီး မကြာမီ ပြမည်
ဟယ်ရီပေါ်တာ ရုပ်ရှင်ကို ရုပ်သံစီးရီးအဖြစ် ပြသဖို့ စီစဉ်နေ