Burmese Street Boxing က စီစဉ်ပြုလုပ်မယ့် ကိုဗစ်ကာကွယ်ဆေး ဝယ်ရန် ဘတ်ဂျက် တိုးပွားစေဖို့ ရည်ရွယ်တဲ့ Celebrity Boxing Exhibition (ဘောက်ဆင် သရုပ်ပြပွဲ) မှာ ပါဝင်ဖို့ စီစဉ်ထားတဲ့ သရုပ်ဆောင် မိုးအောင်ရင်က မပါဝင်ဖြစ်တော့ဘူးလို့ သိရပါတယ်။
“ပရိသတ်ကြီးရေ ကျနော် လက်ဝှေ့ပွဲမှာ မပါဝင်ဖြစ်တော့ပါဘူး။ အဲဒါလေးကို အသိပေးရခြင်း ဖြစ်ပါတယ်။ ကြည့်ချင်လို့ စောင့်ဆိုင်းနေတဲ့ ပရိသတ်ကြီးကို တောင်းပန်ပါတယ် ခင်ဗျာ။ လက်ဝှေ့ မထိုးဖြစ်တော့ပေမယ့် တတ်နိုင်သလောက် အပတ်တိုင်း Live လွှင့်ပြီး ပရိသတ်ကြီးနဲ့ အဆက်မပြတ်ဖို့ ကြိုးစားနေပါတယ်။ အားလုံးကို ချစ်တယ်နော်” လို့ မိုးအောင်ရင်က ပြောပါတယ်။
အဆိုပါ လက်ဝှေ့ပွဲကို ကြည့်ချင်လို့ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်များကိုလည်း တောင်းပန်ထားပြီး အပတ်စဉ်တိုင်း Live လွှင့်ကာ ပရိသတ်နဲ့ အဆက်မပြတ်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
မိုးအောင်ရင်ကတော့ အဆိုတော် J Fire နဲ့ သရုပ်ပြ ထိုးသတ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လေ့ကျင့်မှုများ ပြုလုပ်နေတဲ့အကြောင်းကို ပြောပြခဲ့ပါသေးတယ်။ ပွဲမှာ မပါဖြစ်တဲ့အကြောင်းကိုတော့ မသိရသေးပါ။
Burmese Street Boxing မှာ ပါဝင်ဖို့အတွက် ကြေညာထားတဲ့ထဲမှာ အဆိုတော် မိုးမိုးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါသေးတယ်။
ဒါကြောင့် လက်ရှိမှာတော့ ထူးခြားနဲ့ မျိုးသက်ပိုင်၊ နိုဗန်ထူးနဲ့ SZ ၊ ရဲနောင်နဲ့ ညီဆက်ကျော်၊ ပွင့်နဒီမောင်နဲ့ ဂျင်းနီတို့ပဲ ကျန်ရှိပြီး J Fire နဲ့ အတွဲအဖက်ကိုတော့ ဘယ်သူဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်ရှိ နိုင်ငံတော်အစိုးရမှ ကိုဗစ် ကာကွယ်ဆေးများ ဝယ်ယူနေရာမှာ Charity ရန်ပုံငွေ ရှာဖွေပေးခြင်းဖြင့် ကာကွယ်ဆေး ဝယ်ဖို့ ဘတ်ဂျက် ပိုမိုတိုးပွားစေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ခြင်း ဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့ မြန်မာဘောက်ဆင် အားကစားကို လူထုပရိသတ် ပိုမို စိတ်ဝင်စားစေပြီး၊ မျိုးဆက်သစ် Boxer များ ထွက်ပေါ်လာရန်၊ Boxer Industry တခု ပေါ်ထွက်လာစေဖို့ အထောက်အကူပြုစေရန် ဖြစ်တယ်လို့ သိရပါတယ်။ ပွဲကိုတော့ ဖေဖော်ဝါရီလ ပထမပတ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
You may also like these stories:
ဒူးဒဏ်ရာ ပြန်ထိခိုက်ခဲ့တာကြောင့် သရုပ်ပြ Boxing ပွဲမှာ မပါဖြစ်တော့တဲ့ မိုးမိုး
ကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေအတွက် အနုပညာရှင်များ ပါဝင်မယ့် ဘောက်ဆင် သရုပ်ပြပွဲ