“Game of Thrones” ရုပ်ရှင်စီးရီးကို HBO Max အတွက် ကာတွန်းစီးရီးအနေနဲ့ ဖန်တီးဖို့ ရှိနေတယ်လို့ The Hollywood Reporter မီဒီယာက ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
HBO Max မှ အမှုဆောင်အရာရှိတွေဟာ အရွယ်ရောက်သူ ပရိသတ်တွေအတွက် ကာတွန်း ဒရာမာစီးရီးအဖြစ် ဖန်တီးမှု ဖြစ်နိုင်၊ မဖြစ်နိုင်ကိစ္စအရေး စာရေးဆရာတွေနဲ့ အစည်းအဝေးတွေကို လုပ်ဆောင်နေခဲ့ကြောင်း အဲဒီ မီဒီယာက ဆိုပါတယ်။
HBO မှ ပြောခွင့်ရသူကတော့ အဆိုပါ သတင်းနဲ့ ပတ်သက်လို့ မှတ်ချက် တစုံတရာ ပြောကြားတာမျိုး မရှိသေးပါဘူး။ George R.R. Martin ရဲ့ ဝတ္ထုတွေကို အခြေခံထားတဲ့ “Game of Thrones” စီးရီးတွေဟာ ကမ္ဘာတခွင်မှာ တော်တော်လေးနာမည် ကျော်ကြားခဲ့ပြီး အကောင်းဆုံး ဒရာမာ စီးရီးဆု အပါအဝင် အမ်မီ ဆု ၁၂ ဆုအထိ ရရှိထားပြီးလည်း ဖြစ်ပါတယ်။
အဲဒီ စီးရီးကတော့ HBO ရုပ်သံလိုင်းကနေ ၂၀၁၉ ခုနှစ်မှာ ပြသပြီးစီးခဲ့ပြီးလည်း ဖြစ်ပါတယ်။ အမှုဆောင်အရာရှိတွေကတော့ စီးရီးရဲ့ နောက်ထပ် အစီအစဉ်အသစ်အတွက် ဖန်တီးဖို့ လုပ်ဆောင်နေပြီး Streaming ကနေတဆင့် ကြည့်ရှုသူတွေအတွက် တင်ဆက်ဖို့ Walt Disney, Netflix တို့နဲ့အတူပြသခွင့် ရရှိရေး ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။
“Game of Thrones” စီးရီးကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှာ စတင်ပြသခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၁၉ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။ Season ၈ ခု ပါဝင်ခဲ့ပြီး အပိုင်း ၇၃ ပိုင်းအဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် အကောင်းဆုံး ရုပ်သံစီးရီး ဆန်ခါတင်ဆု ၅ ဆုလည်း လျာထားခံခဲ့ရပါတယ်။ ဝေဖန်သူတွေနဲ့ မီဒီယာတွေကလည်း သမိုင်းတလျှောက် အကောင်းဆုံး ရုပ်သံစီးရီးဖြစ်ကြောင်း သတ်မှတ်ခဲ့ကြပါတယ်။
လောလောဆယ် HBO ရုပ်သံကတော့ “Game of Thrones” စီးရီး မတိုင်မီ နှစ် ၃၀၀ လောက်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်း ရိုက်ကူးမယ့် “House of the Dragon” ဆိုတဲ့ မူရင်းဇာတ်ကြောင်း ခွဲထွက် စီးရီးတခုကိုလည်း ဖန်တီးနေပါတယ်။ အဲ့ဒီစီးရီးကိုတော့ လာမယ့်နှစ်မှာ ပြသမယ်လို့ ခန့်မှန်းရပါတယ်။
Ref: asiaone
You may also like these stories:
“Game of Thrones” မင်းသမီး Indira Varma မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ
Priyanka Chopra ရဲ့ “The White Tiger” ရုပ်ရှင် Netflix မှာ လူကြိုက်အများဆုံး ဖြစ်နေ
HBO Max ကနေ “Gone with the Wind” ရုပ်ရှင် ဖယ်ရှားခံရ