Entertainment

“မိခင်ကို ပြုစု စောင့်ရှောက်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်”လို့ မိုးဟေကို ဆို

ရုပ်ရှင် ရိုက်ကူးရေးများ နားထားရတဲ့အချိန်မှာ မိုးဟေကိုက သူကိုယ်တိုင် ပြောပြတဲ့ သူ့အကြောင်းကို လူမှုကွန်ရက် စာမျက်နှာမှာ အပတ်စဉ် တင်ဆက်ပေးနေပြီး ဒီတခေါက်မှာတော့ သူ့ရဲ့ မိဘနှစ်ပါး အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“မိုးက ကံကောင်းတဲ့သူတယောက်လို့ ပြောရမှာပေါ့။ ဒီနေ့ ဒီချိန်ထိ မိဘနားမှာ အတူတူ နေခွင့်ရတယ်။ ပြုစု စောင့်ရှောက်ခွင့်ရတဲ့အတွက် ကံကောင်းတဲ့သူတယောက်လို့ မှတ်ယူထားတယ်။ အဖေက ဒီနေ့ ဒီချိန်ထိ ဆေးရုံ ဆေးခန်း တခါမှ မပြဖူးဘူး။ အဖေက ကျန်းမာရေး လိုက်စားတဲ့သူ တယောက်လည်း ဖြစ်တယ်။ ဖေဖေနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ပြောစရာ မရှိဘူးဆိုပေမယ့် မေမေနဲ့ ပတ်သက်ရင် ပြောစရာတွေတော့ ရှိတာပေါ့”လို့ မိုးဟေကိုက ပြောပါတယ်။

သရုပ်ဆောင် မိုးဟေကိုတို့ မိသားစု (ဓာတ်ပုံ – Moe Hay Ko’s Facebook)

မိခင်ဖြစ်သူကတော့ ကျန်းမာရေး ချူချာသူတယောက် ဖြစ်ပြီး မိခင်မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ် ရောဂါများ ရှိတဲ့အတွက် အနီးကပ် ပြုစုပေးရတယ်လို့ ဆိုပါတယ်။

“မိုးမေမေက ကျန်းမာရေး အားနည်းတယ်။ ကျန်းမာရေး ချူချာတဲ့သူတယောက် ဖြစ်တယ်။ မေမေ့မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါ ရှိတယ်။ ကျောက်ကပ် ဆေးရတဲ့ ကျောက်ကပ် ဝေဒနာရှင်တယောက်၊ ၆ နှစ်တာကာလလည်း ရှိပြီ။ အမေ့ကို ပြုစု စောင့်ရှောက်ချင်တဲ့အတွက် မိုးက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတရမယ့် စာလေးတွေကို ပိုဖတ်ဖြစ်တယ်။ အမေ့ကို ပြုစုခွင့်ရလို့ ကြည်လည်း ကြည်နူးတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ဝမ်းလည်း ဝမ်းနည်းတယ်”လို့ မိုးဟေကိုက ပြောပါတယ်။

မိခင်ကို ပြုစုခွင့်ရတဲ့အတွက် ဝမ်းသာမိသလို ဝေဒနာ ခံစားတာကို မြင်ရတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

မိခင်ကို စောင့်ရှောက်နေတဲ့ မိုးဟေကို (ဓာတ်ပုံ – Moe Hay Ko’s Facebook)

“သမီးတယောက်အနေနဲ့ ဒီနေ့ ဒီချိန်အထိ အနားမှာ ပြုစုခွင့်ရလို့ ဝမ်းသာရတယ်။ အမေ ခံစားနေရတဲ့ ဝေဒနာတွေကို သမီးတယောက်အနေနဲ့ ကြည့်ပြီးတော့ စိတ်မကောင်းဖြစ်တာပေါ့။ သို့ပေမယ့် တချိန်ကျရင် ငါတို့လည်း ပြန်ခံစားရမှာပါလား။ လူရယ်ဖြစ်လာရင် အိုမယ်၊ နာမယ်၊ သေမယ် ဆိုတာကို တရား နှလုံးသွင်းပြီးတော့ ရှုမှတ်ရတယ်။ အဲ့လို မရှုမှတ်ရင် အရမ်းခံစားရတယ်”

“အပ်တွေနဲ့ ထိုးနေတာကို ကြည့်ပြီး သမီး တယောက်အနေနဲ့ စိတ်မကောင်းဘူး။ ငိုချင်မိတော့ ကိုယ့်စိတ်ကို တရားသဘောနဲ့ ရှုမှတ်တယ်။ မေမေကလည်း တရားသဘောလေး ရှုမှတ်ဖို့ မိုးကို သင်ပေးတယ်။ အမေနဲ့ ပတ်သက်ရင် ပြောစရာတွေ အများကြီး ရှိတယ်”လို့ မိုးဟေကိုက ပြောပါတယ်။

မိုးဟေကိုကတော့ မိခင်ကို ပြုစုစောင့်ရှောက်နေတဲ့ ကာလအတွင်းမှာ အနုပညာ အလုပ်တွေနဲ့ ဝေးကွာခဲ့ပြီး အဲ့လို ဝေးကွာသွားတဲ့ အကြောင်းကိုလည်း အခုလို ဆိုပါတယ်။

“မိုး အနုပညာအလုပ်တွေ ဘာကြောင့် လျော့သွားလဲ အားလုံး သိပါတယ်။ တချို့ဆို အနုပညာ မလုပ်တာကို အားမလို အားမရ ဖြစ်ကြတယ်။ တချို့စိတ်ဆိုးကြတာ ရှိတယ်။ အဲ့တုန်းက မိုးအမေ့ကို ဘယ်လိုတွေ ပြုစုစောင့်ရှောက်ခဲ့ရလဲဆိုတာ ဖော်ပြလေ့ မရှိဘူး။ ဖော်မပြခဲ့တော့ ပရိသတ်တွေကလည်း မသိရဘူး။ အမေက အရမ်းချူချာတယ်”

“ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ကျောက်ကပ် ဆေးနေရင်းနဲ့ အမေက ခွဲစိတ်ကုသမှု အကြီးစားလုပ်ရတယ်။ အမေ့ကို အသက်ကို တော်တော်လုပြီး ကယ်ခဲ့ရတယ်။ တမိသားစုလုံး စိုးရိမ်ခဲ့ရတယ်။ အချိန်တွေ ပေးခဲ့ရတယ်။ ပေးခဲ့ရတဲ့ အချိန်က တရက်၊ ၂ ရက် မဟုတ်ဘူး။ တနှစ်၊ ၂ နှစ်လောက်က ဆေးရုံဆေးခန်း သွားနေကြရတယ်။ တော်တော် ခက်ခက်ခဲခဲ ကုသထားရတာကြောင့် အရမ်းလည်း ချစ်တယ်။ အရမ်းလည်း သနားတယ်”လို့ ပြောပါတယ်။

မိခင်ဖြစ်သူကို ရှိသမျှ ခွန်အားတွေနဲ့ ပြုစုခဲ့ရပြီး အမေက ဘဝမှာ အချိန်တိုင်း နံပါတ် (၁) ပဲလို့ ဆိုပါတယ်။

သရုပ်ဆောင် မိုးဟေကိုတို့ မိသားစု (ဓာတ်ပုံ – Moe Hay Ko’s Facebook)

“ရှိသမျှ အချိန်တိုင်း ရှိသမျှ ခွန်အားတွေနဲ့ ပြုစုခဲ့တယ်။ အိမ်မှာ အဖေနဲ့ အမေရှိရင် အဖေ့ကိုတောင် ဂရုမစိုက်သလို ဖြစ်တယ်။ မိုးလင်းမိုးချုပ် အမေ့ ဝေယျာဝေစ္စကို သမီးတယောက်အနေနဲ့ အကုန်လုပ်ပေးချင်တာ။ အချိန်တိုင်း အမေက နံပါတ် (၁) ဆိုတဲ့ အတွေးနဲ့ ပြုစုပေးခဲ့တယ်။ မိုးရဲ့ ချစ်ပရိသတ်ကလည်း တတ်နိုင်တဲ့ဘက်ကနေ စိတ်အားလူအား ယုယကြင်နာခွင့်ပေးပါ”လို့ မိုးဟေကိုက ပြောပါတယ်။

သရုပ်ဆောင် မိုးဟေကိုကတော့ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ထားပြီး၊ အနုပညာ အလုပ်များနဲ့ ဝေးကွာနေချိန်မှာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသူ ဖြစ်ပါတယ်။

You may also like these stories:

မိုးဟေကို ကိုယ်တိုင် ပြောပြထားတဲ့ မိုးဟေကို အကြောင်း

ဝါသနာပါတဲ့ သီချင်းဆိုချင်စိတ်ကို အကောင်အထည်ဖော်မယ့် မိုးဟေကို

Loading