“အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးများ၊ EU နိုင်ငံတွေဖြစ်ကြတဲ့ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ နောက်ထပ်နိုင်ငံတွေဖြစ်ကြတဲ့ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ ဆွစ်ဇာလန် အဲ့နိုင်ငံတွေမှာ နေထိုင်ကြတဲ့ မြန်မာပြည်ဖွားများ၊ သြစတြေးလျနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာပြည်ဖွားများ၊ စင်ကာပူမှာနေထိုင်ကြတဲ့ မြန်မာပြည်ဖွားများ၊ မိတ်ဆွေတို့ ကျနော့်ကို တတ်နိုင်တဲ့ဘက်ကနေ အကြံပြုပါ၊ ဝန်းရံပါ”
“ကျနော်တို့ အမေရိကန်နိုင်ငံမှာဆိုရင်လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးလို အဆင့်မျိုးနဲ့ တွေ့ဆုံ လိုပါတယ်။ ၅ မိနစ်ပဲရရ၊ ၁၀ မိနစ်ပဲရရ သြစတြေးလျနိုင်ငံမှာလည်း ဘဏ္ဍာရေးဝန်ကြီးနဲ့ မြန်မာ့အရေး ပြောဆိုခွင့်ရမယ်ဆိုရင် တွေ့ဆုံလိုပါတယ်” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
နိုင်ငံတကာမှာရှိတဲ့ ဘဏ္ဍာရေးဝန်ကြီးများနဲ့ ၅ မိနစ်၊ ၁၀ မိနစ်ခန့် မြန်မာနိုင်ငံအရေး ပြောခွင့်ရမယ်ဆိုပါက အာဏာရှင်များရဲ့ ဆွေမျိုးများ၏ မြန်မာနာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်များကို ယာယီထိန်းသိန်းပေးဖို့အတွက် တောင်းဆိုလို့ရမယ်ဆိုရင် ဆောင်ရွက်လိုကြောင်း ပြောထားပါတယ်။
“ကျနော်လုပ်ချင်တဲ့ အစီအစဉ်လေးကတော့ ကျနော် ဖော်ပြလိုက်တဲ့ နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ဘဏ်တွေမှာရှိတဲ့ အာဏာရှင်အဟောင်းကြီးတွေ၊ အာဏာရှင်အသစ်၊ ခရိုနီအဟောင်းအသစ်တွေ၊ သူတို့ရဲ့ဆွေမျိုးသားချင်းတွေ ဘဏ်စာရင်း ဖွင့်ထားမယ်။ မြန်မာနိုင်ငံသားနာမည်နဲ့ ဖြစ်မယ်။ မြန်မာနိုင်ငံသားအခုထက်ထိ ဖြစ်နေသူလည်း ပါမယ်။ မဟုတ်တော့တဲ့သူလည်း ပါမယ်။ သူတို့ ဘဏ်စာရင်းတွေ မြန်မာနာမည်နဲ့ ဘဏ်စာရင်းတွေမှာ ဒေါ်လာသန်းဂဏန်း ဖြစ်နေတဲ့ ဘဏ်အကောင့်ကို ယာယီ ထိန်းသိမ်းဖို့ တောင်းဆိုလို့ ရမယ်ဆို ဆောင်ရွက်လိုပါတယ်” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
အဆိုပါနိုင်ငံများမှာရှိတဲ့ မိတ်ဆွေများ၊ ပညာရှင်များရှိပါက ဆောင်းဦးလှိုင်ထံ ဆက်သွယ်အကြံပြုပေးဖို့လည်း တောင်းဆိုထားပါတယ်။
“အဲ့နိုင်ငံတွေရှိတဲ့ ကျနော့် မိတ်ဆွေတွေရှိရင် ဆက်သွယ်ပေးကြပါ။ ကျနော့် Friend List ထဲမှာ မရှိပေမယ့် ယုံကြည်ရလောက်တဲ့သူတွေရှိရင်လည်း လက်တွဲ ဆောင်ရွက်လိုပါတယ်။ မြန်မာနိုင်ငံသားအနေနဲ့ အကောင့်ထဲမှာ ဒေါ်လာ သန်းချီတွေရှိတဲ့ အကောင့်ကို ပိတ်သိမ်းပေးဖို့အတွက် ဘဏ်တွေ နိုင်ငံတွေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
နောက်လုပ်ငန်းစဉ်တခု ဆက်လုပ်သွားဖို့ကိုလည်း ဆက်လက် ပြောပြခဲ့ပါတယ်။
“နောက်လုပ်ငန်းစဉ်တခုကတော့ ခုနကပြောတဲ့ နိုင်ငံကြီးတွေမှာပဲ ရောက်ရှိနေတဲ့ အာဏာရှင်အဟောင်းကြီးတွေ၊ ဆွေမျိုးသားချင်းတွေ၊ ခရိုနီအသစ်အဟောင်းတွေရဲ့ ဆွေမျိုးသားချင်းတွေ လာပြီး ပညာသင်နေတာတို့ လာရောက်ခေတ္တခဏ အခြေချနေထိုင်နေတာတို့ လုပ်ငန်းတွေလာလုပ်နေတာတို့ရှိရင် အခုကတည်းက စာရင်းတွေ တို့ထားပါ။ ဒီလူတွေအားလုံးကို သူတို့အလိုတော်ရှိတဲ့ စစ်အာဏာရှင်ကြီးတွေ ပြန်အုပ်ချုပ်တဲ့နိုင်ငံကို ပြန်ခိုင်းရပါမယ်။ ဗီဇာတွေ ရုတ်သိမ်းခိုင်းရပါမယ်။ စာရင်းတို့ထားပါ” လို့ ပြောပါတယ်။
ပြည်သူတဦးတယောက်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် မလုပ်ခဲ့ဖူးပေမယ့် အခုလို အခြေအနေမှာ တုန့်ပြန်ဖို့ လိုအပ်တာကြောင့် ဒီလိုနည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ တုံ့ပြန်ဖို့ လိုပါတယ်။ ကျနော့်ဘဝမှာ ပြည်သူတဦးတယောက်ရဲ့ စီးပွားရေးလုပ်ငန်းကိုမှ အခုလုပ်မယ့် ပုံစံလို ထိခိုက်အောင် လုပ်ခဲ့တာ မရှိပါဘူး။ အခုကျနော်တို့ လုပ်ဖို့ လိုပါတယ်။ သူတို့ဘက်က ယုတ်မာရိုင်းစိုင်း ရမ်းကားလွန်းပါတယ်။ တိုင်းပြည်ပေါ်လည်း မငဲ့ညာပါဘူး။ ရတဲ့နည်းနဲ့ တော်လှန်ရမယ့်ထဲမှာ ဒီလိုနည်းလမ်းတွေ ပါပါတယ်” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
အဆိုတော် ဆောင်းဦးလှိုင်ကတော့ လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး NLD ပါတီကို ထောက်ခံအားပေးသူ တယောက်လည်း ဖြစ်ပါတယ်။
You may also like these stories:
နိုင်ငံတကာက မြန်မာစစ်တပ်ကို ဖိအားပေးသင့်ဟု အမေရိကန်သမ္မတ ပြော