မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခြေအနေများနဲ့ ပတ်သက်ပြီး အနုပညာရှင်များက မဝန်းရံဘူးလို့ ဆိုကြတဲ့အပေါ် သရုပ်ဆောင် ဥက္ကာမင်းမောင်က အခုလိုပဲ ပြောပါတယ်။
“အနုပညာရှင်လည်း လူပါပဲ။ မတရားတာကို ခံပြင်းစွာနဲ့ ငြိမ်ခံနေရမှာလား။ သူရဲဘော ကြောင်ပြီး ရေငုံနှုတ်ပိတ် နေရမှာလား။ ကျနော့် အသက် ၃၅ နှစ်၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရ လက်ထက်မှာ ကြီးပြင်းခဲ့တာ။ ဆုံးသွားပြီဖြစ်တဲ့ ကျနော့် အဖေ့ဘက်ကရော၊ အမေ့ဘက်ကရော အဘိုး နှစ်ယောက်လုံးက စစ်တပ်ထွက်တွေပါ။ အမေ့ရဲ့အဖေက အငြိမ်းစား တရားသူကြီး၊ ဒုဗိုလ်မှူးကြီးသိန်းမြင့် နဲ့ အဖေ့ဘက်ကတော့ ရိုးရိုး စစ်သားပါပဲ။ ကျနော် စစ်သားတွေကို မမုန်းပါဘူး။ စစ်အာဏာရှင်စနစ် (Dictatorship) ကို မုန်းတာ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
အာဏာနဲ့ လက်နက်ကို အသုံးချပြီး မတရားလုပ်တာကိုတော့ လုံးဝ ဆန့်ကျင် ရှုတ်ချတယ်လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။
“စစ်တပ်ထဲက ကိုယ့်မိတ်ဆွေ စိတ်ကောင်းရှိတဲ့သူတွေ တပုံကြီး။ ကျနော် NLD ကို ပေါ်တင် အားပေး ပေမယ့် သူတို့ကိုလည်း အချစ်မပျက်ဘူး။ ဒါပေမဲ့ တအိမ်လုံး၊ တဆွေလုံးတမျိုးလုံးက NLD မှ NLD၊ ရဲရဲနီ ပေါ်တင် အားပေးခဲ့တာ။ ယုံကြည်လို့ကို Vote ခဲ့ကြတာ။ ကျနော် လက်မခံတာက ကိုယ့်ရာထူး သြဇာအာဏာနဲ့ လက်နက်ကို အသုံးချပြီး မတရားလုပ်တာကိုတော့ လုံးဝ ဆန့်ကျင် ရှုတ်ချပါတယ်။ နိုင်ငံရေးကို အပြည့်အစုံ နားလည်လို့ မဟုတ်ဘူး။ နိုင်ငံရေးထက် နိုင်ငံ့အရေး၊ တိုင်းပြည် တိုးတက်ရေးကို လိုလားသူ တယောက်အနေနဲ့ ပါဝင်ဆောင်ရွက်တာပါ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ကိုယ်တိုင်က Gay တယောက်အဖြစ် ဝန်ခံထားတာကြောင့် Gay မို့လို့ အသားလွတ် မုန်းနေရင်တောင် နိုင်ငံ တိုးတက်ရေးနဲ့ တရားမျှတမှု ဖြစ်ရေးကို လိုလားတယ်လို့ ဆိုပါတယ်။
“နှမ်းတပွင့်နဲ့ ဆီမဖြစ်ပေမယ့် နှမ်းစေ့တွေ အများကြီး ပေါင်းရင် ဆီဖြစ်နိုင်တဲ့အတွက် အုတ်တချပ် သဲတပွင့်၊ ကိုယ့်ဆန္ဒကို ပါဝင်ပူးပေါင်း ထုတ်ဖော်တာပါ။ အဲ့ဒီအတွက်လည်း ကျနော့်ကို Gay မို့လို့ အသားလွတ် မုန်းနေရင်တောင်မှ ကိုယ့်နိုင်ငံ တိုးတက်ရေး၊ တရားမျှတမှုဖြစ်ရေးကို လိုလားတဲ့ အမေစုကို ချစ်တဲ့၊ ကျနော်နဲ့ ရင်ဘတ်ချင်းတူသူများ အားလုံးကို ဖိတ်ခေါ်ပါတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဆက်လက်ပြီး ဥက္ကာမင်းမောင်က လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေတာ ၁၁ နှစ်ကျော် ကြာပြီ ဖြစ်ပေမယ့်လည်း မြန်မာ Passport ကိုင်ထားတဲ့ မြန်မာနိုင်ငံသား တယောက်ပဲလို့ ဆိုပါတယ်။

“၂၀၂၁ ဟာ ၁၉၈၈ မဟုတ်တော့ဘူး။ ခေတ်ကြီးလည်း ပြောင်းလဲခဲ့ပြီ။ အကြောက်တရားတွေနဲ့ မျှော်လင့်ချက် ပျောက်နေတဲ့ အမှောင်ကမ္ဘာထဲ အသက်ဆက်ရှင်ချင်လို့လား။ ကျနော် အခုအချိန်ထိ US မှာ နေတာ ၁၁ နှစ်ကျော် ကြာခဲ့ပေမယ့် မြန်မာ Passport ကိုင်ထားနေဆဲ မြန်မာနိုင်ငံသားတယောက်ပါ။ တချိန်မှာ Citizenship ပြောင်းချင်လည်း ပြောင်းမယ်။ မပြောင်းချင်လည်း မပြောင်းဘူး။ ဒါကျနော် တဦး တယောက်တည်းရဲ့ ဆန္ဒပဲ”
“ဒါပေမဲ့ ကျနော် မြန်မာပြည်ကို အရမ်းချစ်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး တိုးတက်ရေးကိုလိုလားတယ်။ တိုင်းပြည်အရေးကို ကိုယ့်အမျိုးသားအရေး၊ လူသားအားလုံးရဲ့ အရေးလို့ ခံယူတဲ့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်တဲ့ သဘောပါပဲ။ အဲ့ဒါကို ကြည့်မရရင်လည်း အမြင်မတူရင် Block သွားလိုက်ပါ”လို့ ဆိုပါတယ်။
အမြဲတမ်း မှန်ကန်တဲ့ဘက်ကပဲ ရဲဝံ့စွာ ရပ်တည်မယ်ဆိုတဲ့ ဥက္ကာမင်းမောင်က ဆင်းရဲတွင်းက လွတ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
“အမြဲတမ်း မှန်ကန်တဲ့ဘက်ကပဲ ရဲဝံ့စွာ ရပ်တည်ပါမယ်။ အမေအိုတောင်မှ သူ့အသက်အရွယ်နဲ့ မထောက် သူ့လုံခြုံရေးကို မငဲ့ကွက် တိုင်းပြည်တိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်နေတာ။ ကျနော်တို့ လူငယ်တွေက ဘာကြောင့် သူရဲဘောကြောင် ကြောက်ပြီး ငြိမ်ခံနေရမှာလဲ။ အားလုံးရဲ့ အနာဂါတ် ရှေ့ရေး မျိုးဆက်သစ် လူဖြစ်လာမယ့် ကလေးတွေရဲ့ ရှေ့ရေး တိုင်းပြည် တိုးတက်ရေးအတွက် တတ်နိုင်တဲ့ဘက်က အကြမ်းမဖက်ဘဲ ပါဝင် ဆောင်ရွက်ပါ”
“မြန်မာပြည်ဟာ ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၁၃ ချိတ်တယ်ဆိုတာ မမေ့ပါနဲ့။ တိုးတက်ဖို့ အခွင့်အလမ်းတွေ ပေါ်ထွက်လာဖို့။ လူတစု နောင်စားမကုန်အောင် ဆယ်ဘဝ အဆက်ဆက် ချမ်းသာဖို့ထက် သန်းနဲ့ချီသော ပြည်သူတွေအားလုံး အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဘဝတက်လမ်းတွေပေါပြီး ဆင်းရဲတွင်းကလွတ်ဖို့ ပိုအရေးကြီးပါတယ်။ အဲ့ဒီအတွက် ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောပြထားပြီး၊ လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဒီမိုကရေစီ ခေါင်းဆောင်များကို စစ်တပ်မှ ဖမ်းဆီး အာဏာသိမ်းယူမှုအပေါ် လုံးဝ လက်မခံကြောင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ UN ရုံးရှေ့မှာ ဆန္ဒ ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
အာဏာရှင်တွေရဲ့ နိုင်ငံတကာ ဘဏ်အကောင့်တွေကို ပိတ်ဖို့ တောင်းဆိုမယ့် ဆောင်းဦးလှိုင်
“၂၀၂၀ က စိတ်ညစ်စရာ အကောင်းဆုံးနှစ်”လို့ မို့မို့မြင့်အောင် ဆို
“မိခင်ကို ပြုစု စောင့်ရှောက်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်”လို့ မိုးဟေကို ဆို