လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ပြည်သူများဟာ သူတို့ရဲ့သဘောထားများကို လမ်းမပေါ် မထွက်ဘဲ ဆိုရှယ်မီဒီယာများမှတဆင့် ဖော်ပြလျက် ရှိပါတယ်။ ဒီလို ဖော်ပြမှုများထဲမှာ ပြည်သူတွေနဲ့အတူ အနုပညာရှင်များကလည်း သူတို့ရဲ့ သဘောထားများကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ကျယ်ပြန့်စွာ ပါဝင်လာတာကို တွေ့ရပါတယ်။
သရုပ်ဆောင် ဒေါင်းကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ပြီး သူ့ရဲ့ Facebook Page မှ ဆက်တိုက် ဆိုသလို ဝန်းရံမှုများ ပြုလုပ်လျက် ရှိပါတယ်။
“ကျနော်တို့ ပြည်သူတွေ ရွေးချယ် တင်မြှောက်ထားခြင်း မဟုတ်တဲ့ ယနေ့ အစိုးရသစ်ကို ကျနော်တို့ လက်မခံပါ။ ကန့်ကွက်ပါသည်။ ၎င်းတို့ တည်ဆောက်မယ့် အစိုးရ လုပ်ငန်းများတွင် ကျနော်တို့ ပြည်သူများအနေနဲ့ဖြင့် ပူးပေါင်းပါဝင်ခြင်း ပြုလုပ်မည် မဟုတ်ပါ။ အကြမ်းမဖက်ဘဲ ကန့်ကွက် ဆန့်ကျင်ပါမည်” လို့ သရုပ်ဆောင် ဒေါင်းက ယနေ့ ပြောထားပါတယ်။
မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကလည်း အခုဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်အပေါ် ဆန့်ကျင်တဲ့ ပို့စ်များကို ဆက်တိုက် တင်နေတာကြောင့် သူ့ရဲ့ Facebook အကောင့် Lock ကျသွားခဲ့ပေမယ့် Facebook Page ကို အသုံးပြုကာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
“အခုချိန်ထိ ဘယ်လိုတွေးတွေး တွေးလို့ကိုမရတာ ရူးများနေတာလား။ ပြည်သူတွေ ကျေနပ်လို့တင်မြှောက်ခဲ့တဲ့သူ တနိုင်ငံလုံး အတိုင်းအတာနဲ့ မပြောနဲ့ဦး။ ကျနော့်လို နိုင်ငံသားတယောက်ရဲ့ ပိုစ့်အောက်မှာတောင် အနီသက်သက်ပဲ။ Public နဲ့ လူတိုင်းကို လွတ်လပ်ခွင့်ပေးထားတာ။ အစိမ်းလည်း လွတ်လပ်စွာ ဝင်ရေးပြီး ကွဲလွဲပိုင်ခွင့်ရှိတာပဲ။ နိုင်ငံတော်က လူထုအားလုံးနဲ့ မယှဉ်နဲ့ဦး။ ဒီမှာတောင် မဲအရေအတွက်က တော်တော်ကို ကွာခြားနေပြီ” လို့ ပိုင်တံခွန်က ပြောထားပါတယ်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦးကလည်း “အမေစုကို သူချစ်တဲ့ မိသားစုနဲ့ အေးအေးချမ်းချမ်းလေးပဲ ပြန်နေစေချင်တော့တယ်။ ဒီဒုက္ခကို မထမ်းထားစေချင်တော့ဘူး။ မိသားစုတွေနဲ့ ခွဲခွာပြီး နှစ်ပေါင်းများစွာ အနစ်နာခံ ဒုက္ခခံခဲ့တာတွေ ကြိုးစားခဲ့တာတွေအတွက် မတန်လို့ပါ။ တကယ်ရင်ထဲ မကောင်းဘူး” လို့ ပြောထားပါတယ်။
တခြားသော နာမည်ကြီး အနုပညာရှင်များဖြစ်ကြတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုံရွှေရည် အစရှိသူတို့ကလည်း သူတို့ရဲ့ ပရိုဖိုင်ပုံများကို ပြောင်းလဲခဲ့ကြပါတယ်။
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ “မြန်မာပြည်ကြီး ငြိမ်းချမ်းရန်၊ ပြည်သူများ အေးချမ်းဖို့” ဆုတောင်းခဲ့ပြီး သူတို့ မိသားစုအနေနဲ့လည်း အဆင်ပြေနေတဲ့အတွက် ပရိသတ်များ စိတ်မပူကြဖို့လည်း ပြောခဲ့ပါတယ်။
အဆိုတော် နီနီခင်ဇော်ကလည်း “အားလုံး အိမ်မှာနေပြီး ငြိမ်းချမ်းစွာ အပြုသဘောဆောင် ဖော်ထုတ်ပါ။ ပြည်သူပြည်သားတွေ အားလုံး ဉာဏ်ရှိရှိ၊ ပညာသားပါပါ ကျော်ဖြတ်ပေးပါ။ ငြိမ်းချမ်းပါစေ မြန်မာပြည်”လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဒီကနေ့မှာ အသစ် ဖွဲ့စည်းလိုက်တဲ့ အစိုးရအသစ်ကို လက်မခံကြောင်း ကမ်ပိန်းမှာတော့ သရုပ်ဆောင် ဒေါင်း၊ ပိုင်ဖြိုးသု၊ ဖွေးဖွေး၊ မေမီကိုကို ၊ အဆိုတော် အနဂ္ဂ၊ ချမ်းချမ်း၊ ဂျူဝယ်လ်၊ ချမ်းမြေ့မောင်ချို၊ မယ်လိုဒီခေါင်၊ Makeup Artist မထက်၊ အလှမယ် နန်းခင်ဇေယျာ၊ မေမြတ်နိုး၊ နှင်းသွေးယုအောင် အစရှိသူများက ပါဝင်ခဲ့ကြပါတယ်။
You may also like these stories:
“စစ်အာဏာရှင်စနစ်ကို လုံးဝ ဆန့်ကျင် ရှုတ်ချပါတယ်”လို့ ဥက္ကာမင်းမောင် ပြော
အာဏာရှင်တွေရဲ့ နိုင်ငံတကာ ဘဏ်အကောင့်တွေကို ပိတ်ဖို့ တောင်းဆိုမယ့် ဆောင်းဦးလှိုင်
“၂၀၂၀ က စိတ်ညစ်စရာ အကောင်းဆုံးနှစ်”လို့ မို့မို့မြင့်အောင် ဆို