Entertainment

“အာဏာသိမ်းမှုကို လက်မခံဘူး”ဆိုတဲ့ အဆိုတော် ချမ်းချမ်းနှင့် အင်တာဗျူး

Want create site? Find Free WordPress Themes and plugins.

 

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် ပြည်သူများက သူတို့ရဲ့ ဆန္ဒများကို ဆိုရှယ်မီဒီယာများကတဆင့် ထုတ်ဖော်နေကြသလို အနုပညာရှင်များကလည်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာများကတဆင့် သူတို့ရဲ့ ရပ်တည်မှုများကို ထုတ်ဖော် ပြောလာကြပါတယ်။

အဆိုတော် ချမ်းချမ်းကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကို ထောက်ခံကြောင်း၊ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

မေး။ ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ပြည်သူတယောက်အနေနဲ့ ခံစားချက် သဘောထားကို ပြောပေးပါဦး။

ဖြေ။ ။ ကျမက အီတလီကို ထွက်လာတာ ၃ ရက်လောက်ပဲ ရှိသေးတယ်။ ကိုယ်လည်း နေသားကျအောင် ကိုယ်ဝန်နဲ့ နေ့ည မှားနေချိန် ကျမဆီမှာ မနက် ၅ နာရီ၊ ရန်ကုန်မှာတော့ ၁၀ နာရီလောက် ရှိပြီ။ မိသားစုတွေ သူငယ်ချင်းတွေဆီက စာတွေ ရောက်လာတယ်။ အခြေအနေ မကောင်းဘူး။ အာဏာသိမ်းမှု ဖြစ်သွားပြီပေါ့နော်။ တအားကို အကျည်းတန်တဲ့ဖြစ်ရပ် ဖြစ်သွားပြီပေါ့။

တော်တော် စိတ်မကောင်းဖြစ်တယ်။ သူတို့တွေ အခုချိန်ထိ ဒီလိုမျိုး အာဏာကို လိုချင်နေကြတုန်းပဲ။ တိုင်းသူပြည်သားတွေကို မကြည့်သေးဘူး။ ကိုယ်ကျိုးကိုပဲ ကြည့်တာ။ အရမ်းကြောက်စရာ ကောင်းတယ်။ တနေ့နေ့ တချိန်ချိန်မှာ သေရမယ်။ ဒါတွေဟာ ထားခဲ့ရမှာပဲ ဆိုတာကို သံဝေဂ တရားတွေ မရသေးတာ အရမ်းကြောက်စရာ ကောင်းတယ်။

မေး။ ။ မဲဆန္ဒစာရင်း မှားတယ်လို့ ပြောတဲ့အပေါ် ဘာများ ပြောချင်လဲ။

ဖြေ။ ။ မဲဆန္ဒ စာရင်းက မှားပါတယ်လို့ ပြောပိုင်ခွင့် မရှိဘူး။ တကယ်ချစ်ရင် တကယ်ပေးမှာပဲ။ ကျမတို့ တကယ်ချစ်ကြလို့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြတယ်။ ကျမတို့ လူတွေ မှန်ရင် ဓမ္မနဲ့ အဓမ္မကို ခွဲခြားတတ်တယ်။ ကျမတို့ ခေါင်းဆောင်ဟာ သစ္စာ သမာဓိ ရှိတယ်။ အကျင့် သမာဓိနဲ့ ပြည့်စုံတယ်။ နိုင်ငံတကာက စံထားရတဲ့ ပုဂ္ဂိုလ်တယောက်၊ သူပေးဆပ်ခဲ့တာတွေ များတယ်။ သူ ဒီနေရာကို ရောက်ဖို့ ရုန်းကန်ရတဲ့ သူ့ဘဝက အရမ်းကြမ်းပါတယ်။

သက်သောင့်သက်သာလေး ထိုင်ခုံမှာ နေပြီး ဒီမြေကိုသိမ်း၊ ဒီဟာကို ဘယ်လောက်နဲ့ငှား၊ ဒီနေရာက ဘယ်လောက်စား ဆိုတာနဲ့ သူဒီနေရာကို ရောက်လာတာ မဟုတ်ဘူး။ ပြည်သူချစ်ခြင်းနဲ့ ပြည်သူတွေ နစ်နာထားတာမြင်လို့ သူ့မိသားစုတောင် စွန့်လွတ်ပြီး ဒီနေရာထိ ရောက်အောင် ကြိုးစားခဲ့တာ။ အခု ပြည်သူတွေက မျှော်လင့်ထားတာကို ရိုက်ချိုးခံလိုက်ရတယ်။ ဒီနေ့ခေတ်မှာ ပြည်သူတွေက ဉာဏ်မနည်းတော့ဘူး။ အဲဒါကို သူတို့ သတိထားဖို့ မေ့နေတာ။

အဆိုတော် ချမ်းချမ်း (ဓာတ်ပုံ – Chan Chan’s Facebook)

မေး။ ။ ဝန်ကြီးချုပ်တွေ ပြောင်းလဲ ခန့်အပ်လိုက်တဲ့အပေါ် ကော ဘယ်လို မြင်မိပါသလဲ။

ဖြေ။ ။ ကျမတို့ မြန်မာနိုင်ငံ တိုးတက်ဖို့၊ အလားအလာရှိတဲ့ အရာတွေကို လုပ်ပေးဖို့ NLD ခေါင်းဆောင်က ထားသင့်တဲ့နေရာမှာ ဘယ်သူက ဘယ်ရာထူးမှာ လုပ်ဖို့ အကုန်လုံးကို ခန့်အပ်ဖို့ ပြင်ဆင်ထားပြီးသား။ ဒါတွေကို ပြောင်းလဲပြီး စစ်တပ်ကဟာတွေပဲ အကြီးအကဲတွေကိုပဲ ပြန်ခန့်အပ်ထားတယ်ဆိုတော့ အရင်တုန်းက ခန့်တုန်းကရော ဘယ်လောက် တိုးတက်ခဲ့လို့လဲ။ အင်္ဂလိပ်လိုတောင် မဆွေးနွေးနိုင်ဘဲ ဘာသာပြန်နဲ့ သွားနေရတာ။

အခု နိုင်ငံတော် အတိုင်ပင်ခံက ပညာရှိစွာနဲ့ ပညာတတ်စွာနဲ့ ဘယ်ပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံအတွက် အဆင်ပြေမယ့် တကယ့် ပညာရှိတဲ့သူတွေကို ခန့်အပ်ထားပြီးသား။ အခု သူတို့က အာဏာရရေးအတွက်ကို ပညာတတ်တွေ ဘေးဖယ်ပြီး စစ်တပ်က လူတွေ ပြန်ထားရင် အရင် စစ်အာဏာရှင်ခေတ်ကို ပြန်ရောက်မှာပဲ။ ပြည်သူတွေအတွက် ကောင်းကျိုး မရှိဘူး။

မေး။ ။ အနုပညာရှင်တွေ အနေနဲ့ နိုင်ငံအရေးမှာ ပါဝင် ဝန်းရံပေးမှုက ဘယ်လောက် အရေးပါလဲ။

ဖြေ။ ။ ပြည်သူဆိုတာ သူတို့ချစ်တဲ့ အနုပညာရှင် စကားကို နားထောင်တယ်။ အနုပညာဆိုတာ နူးညံ့တယ်။ အနုပညာ မလုပ်တဲ့အချိန်မှာ ကျမတို့က ပြည်သူပဲ။ ဒီတိုင်းပြည် ထမင်းကိုစား၊ ဒီရေကို သောက်ရင် ဒီတိုင်းပြည်အတွက် သစ္စာ ရှိရတယ်။ ကျမ မိဘတွေကလည်း စိတ်ပူတယ်။ မိသားစုကို ပြောရတယ်။

ဒီနိုင်ငံမှာ မွေးပြီး ဒီနိုင်ငံမှာ ကြီးတဲ့သူတယောက်ဆိုရင် ဒီနိုင်ငံကို သစ္စာရှိရမယ်။ ဒီနိုင်ငံအရေးက ကိုယ့်အရေးပဲ။ အနုပညာရှင်ဖြစ်လို့ ဘေးထွက်ထိုင် နေစရာအကြောင်း မရှိဘူး။ ကျမက Follower များတဲ့ထဲ မပါပါဘူး။ Follower တိုးပွားရေးတို့၊ ဆုံးရှုံးမှာတို့ စိတ်မပူခဲ့ဘူး။ မြန်မာနိုင်ငံသားတယောက် အနေနဲ့ ဘာလုပ်ပေးလို့ ရမလဲပေါ့။ အခုတော့ ခေါင်းဆောင် ပြောသလို ငြိမ်းချမ်းမှုနဲ့ ကျော်ဖြတ်စေချင်တဲ့အတွက် သူပြောတာကို နားထောင်ရမယ်။

အဆိုတော် ချမ်းချမ်း (ဓာတ်ပုံ – Chan Chan’s Facebook)

မေး။ ။ အာဏာသိမ်းတာဟာ နောင်လာမယ့် မျိုးဆက်သစ်အတွက် ရိုက်ခတ်မှု ရှိနိုင်မလား၊ မိခင်တယောက် အနေနဲ့ ပြောပေးပါဦး။

ဖြေ။ ။ နောင်မျိုးဆက်တွေ ပညာတတ်ဖြစ်ဖို့အတွက်က သူများနိုင်ငံကို ပြန်အားကိုးရတော့မယ်။ အမေကို ကျော်ပြီး ဒွေးတော် လွမ်းရတော့မယ်။ မြန်မာနိုင်ငံမှာ ပညာတတ်တွေ ဖြစ်လာဖို့အတွက် နိုင်ငံ ခေါင်းဆောင်ကောင်းမှ ထိထိရောက်ရောက်နဲ့ သားသမီးတွေ မျိုးဆက်တွေက ပညာတတ်မှာ။ ပညာတတ်တဲ့သူက ပညာအကြောင်း နားလည်တယ်။ ပညာမတတ်တဲ့ သူက ပညာအကြောင်း နားမလည်ဘူး။ ဘယ်လိုနည်းနဲ့မှ ကျမတို့ မျိုးဆက်တွေဟာ ကိုယ့်နိုင်ငံမှာ ပညာတတ်တွေအနေနဲ့ ရပ်တည်လို့ရမှာ မဟုတ်ဘူး။ နိုင်ငံခြားကို သွားကြရင် အပြစ် မဆိုနဲ့။

ကျမက ရင်ထဲမှာ နာတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအတွက် တကယ်ကို စိတ်မကောင်းဘူး။ ဘယ်သူမှ ကိုယ့်ရေမြေကို စွန့်ပြီး တခြားနိုင်ငံတွေမှာ အလုပ်မလုပ်ချင်၊ မနေချင်ကြဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ လုံလောက်တဲ့ စားဝတ်နေရေးအတွက် အခွင့်အရေးတွေ မရှိတဲ့အတွက် အစိုးရက မကောင်းခဲ့တော့ အလုပ်ကို ရှာလုပ်ရတယ်။ တိုင်းတပါးကို ထွက်ပြီး ကျွန်ခံကြရတယ်။ ဘယ်လိုနည်းနဲ့ပဲ အာဏာတွေသိမ်းသိမ်း တရားမဝင်ဘူး။ ကျမတို့ဟာ သူတို့ကို ဆန့်ကျင်တာ မဟုတ်ဘူး။ သူတို့ လုပ်ရပ်တွေကို လက်မခံတာ။ ကျမတို့ ရင်ထဲရှိတဲ့ အစိုးရက ပြည်သူ့အစိုးရပဲ ဖြစ်နေဦးမှာပဲ။ ။

You may also like these stories;

အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ

“စစ်အာဏာရှင်စနစ်ကို လုံးဝ ဆန့်ကျင် ရှုတ်ချပါတယ်”လို့ ဥက္ကာမင်းမောင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading