ကမ္ဘာကျော်အဆိုတော် Rihanna ဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ အိန္ဒိယနိုင်ငံက လယ်သမားတွေရဲ့ဆန္ဒပြမှုနဲ့ ပတ်သက်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် အဆိုတော် Rihanna က Human Rights Watch အဖွဲ့ရဲ့ Twitter အကောင့်က ပို့စ်တခုကို မျှဝေပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းထံကနေ မြန်မာနိုင်ငံအတွက် အရေးပေါ်တုံ့ပြန်မှု လိုအပ်နေပြီဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW ရဲ့ လက်ထောက်အမှုဆောင် ညွှန်ကြားရေးမှူး Tirana Hassan ရဲ့ ရေးသားချက်ကို မျှဝေခဲ့တဲ့ နေရာမှာ Rihanna က “မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ကျမ ဆုတောင်းပေးပါတယ်” လို့ရေးသားပြီး မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။
my prayers are with you #myanmar! https://t.co/GMYqA5BHM8
— Rihanna (@rihanna) February 2, 2021
Rihanna ရဲ့ အခုလို ရေးသား ဖော်ပြချက်ကို မြန်မာမီဒီယာအများစုမှာ ပြန်လည် ဖော်ပြခဲ့ကြပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ ဒီအကြောင်းကို သိရှိခဲ့ကြတဲ့ မြန်မာပြည်သူများက ချီးကျူးစကား ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တပ်မတော်က နိုင်ငံတော်အရေးပေါ် အခြေအနေကို တနှစ် ထားရှိကြောင်း ကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ရယူထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တဲ့အကြောင်း ပြောဆိုထားတဲ့ အတိုက်အခံတွေကို စစ်တပ်က ထောက်ခံခဲ့ပြီး အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ အငြင်းပွားနေခဲ့တာလည်း ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ Rihanna က တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပြီး အရေးယူ လုပ်ဆောင်မှုတွေ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူက “ကျမတို့ လယ်သမားတွေရဲ့ ဆန္ဒပြမှုနဲ့ ပတ်သက်လို့ ဘာလို့ မပြောကြတာလဲ” ဟု ဆိုကာ နယူးဒေလီမြို့တော်မှာ ဖြစ်နေတဲ့ ဆန္ဒပြမှုတွေကို ကိုးကား ပြောဆိုခဲ့ပါတယ်။
နယူးဒေလီမြို့က ဆန္ဒပြမှုတွေကတော့ ဝန်ကြီးချုပ် မိုဒီအစိုးရကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ မိတ်ဆက်ခဲ့တဲ့ လယ်ယာပြုပြင်ပြောင်းလဲမှု အသစ် ၃ ခုနဲ့ ပတ်သက်လို့ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ လယ်သမားတွေကတော့ အဲ့ဒီ ဥပဒေအသစ်တွေဟာ သူတို့ရဲ့နေစဉ် လူနေမှုဘဝကို ထိခိုက်စေပြီး ကြီးမားတဲ့ ပုဂ္ဂလိက ထုတ်ကုန်ဝယ်သူတွေကို အကျိုးအမြတ်ရှိစေမှာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
Ref: metro
You may also like these stories:
“အာဏာသိမ်းမှုကို လက်မခံဘူး”ဆိုတဲ့ အဆိုတော် ချမ်းချမ်းနှင့် အင်တာဗျူး
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ
“စစ်အာဏာရှင်စနစ်ကို လုံးဝ ဆန့်ကျင် ရှုတ်ချပါတယ်”လို့ ဥက္ကာမင်းမောင် ပြော