မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာမှ နာမည်ကျော် အနုပညာရှင်တချို့က သူတို့သက်ဆိုင်ရာ ဆိုရှယ်မီဒီယာက အကောင့်တွေကနေ ဆုတောင်းစကား ဆိုခဲ့ကြတာကို တွေ့ရပါတယ်။ ကမ္ဘာကျော်အဆိုတော် Rihanna ကလည်း မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြောင်း သူ့ရဲ့ Twitter အကောင့်ကနေ မျှဝေထားပါတယ်။
နာမည်ကျော် ဂျပန်အပြာမင်းသား Mitsugu Somezima ကလည်း သူ့ရဲ့ Twitter အကောင့်ရဲ့ Cover ဓာတ်ပုံကို “မြန်မာနိုင်ငံအတွက် တရားမျှတမှု ရှိပါစေ၊ မြန်မာပြည်ကို ကယ်တင်ပါ၊ မြန်မာပြည်ကို ကယ်တင်ပါ” စတဲ့ Hashtag စာသားတွေ ပါဝင်တဲ့ ဓာတ်ပုံတွေကို တင်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ရဲ့ ဓာတ်ပုံကို တင်ပြီး “မင်း(တို့) အားလုံးအဆင်ပြေလား” ဆိုတဲ့ စာသားနဲ့ တင်ထားခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီပုံရဲ့ မှတ်ချက်တွေထဲမှာ လာရောက် မှတ်ချက်ပြုကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပြောစကားတွေအပေါ် သူက ပြန်လည် တုံ့ပြန် ပြောဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအကြောင်း သူ့ရဲ့ Twitter နဲ့ Instagram မှာ မျှဝေထားတဲ့အကြောင်း ရေးသားခဲ့ပါတယ်။ အဲ့ဒီနေ့ တဆက်တည်းမှာပဲ သူက ဒေါ်အောင်ဆန်းစုကြည့်ပုံ ပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံနဲ့အတူ “ငါ စိုးရိမ်တယ်၊ သင့် တိုင်းပြည် ပုံမှန်ပြန်လာနိုင်ပါစေ” စတဲ့ စာသားတွေကို တင်ခဲ့ပါတယ်။
နာမည်ကျော် ကိုရီးယား အဆိုတော် Jay Park ကလည်း “မြန်မာနိုင်ငံနဲ့ အဲ့ဒီမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးအတွက် ဆုတောင်းပေးပါကြောင်း” သူ့ရဲ့ Twitter အကောင့်ကနေ ဖော်ပြရေးသားခဲ့ပါတယ်။
နာမည်ကျော် စာရေးဆရာမနဲ့ Influencer တဦးဖြစ်တဲ့ Gemma Styles ကလည်း မြန်မာအရေးအတွက် Change.org က လက်မှတ်ရေးထိုး တောင်းဆိုမှုမှာလည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ Gemma ကတော့ One Direction အဖွဲ့ဝင်ဟောင်း Harry Styles ရဲ့ အစ်မလည်း ဖြစ်ပါတယ်။
နာမည်ကျော်ကိုရီးယား မင်းသမီး ဘေဆူဇီရဲ့ လူသိများတဲ့ Fan page တခုကနေလည်း #SaveMyanmar ဆိုတဲ့ စာပါတဲ့ မင်းသမီးရဲ့ ဓာတ်ပုံ တပုံကို တင်ခဲ့ရာကနေ မှတ်ချက်ပေးသူနဲ့ မျှဝေသူ တော်တော်များများ ရှိပါတယ်။
အဲ့ဒီ Page ကို Like လုပ်ထားကြသူတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ မြန်မာ ပရိသတ်တွေဖြစ်ကြပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကိုလည်း သိရှိပါကြောင်း၊ ဆူဇီရဲ့ ပရိသတ်တွေအတွက်သာမက မြန်မာနိုင်ငံသား အားလုံးအတွက် ဆုတောင်းပေးပါကြောင်း၊ ဘေးကင်းကြပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အားပေးချစ်ခင်မှုရရှိထားတဲ့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံက နာမည်ကျော် သရုပ်ဆောင်တွေဟာလည်း မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ကြောင်း၊ စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ထုတ်ဖော် ပြောဆိုထားကြပါတယ်။
နာမည်ကျော် မင်းသားတဦးဖြစ်တဲ့ Tul Pakorn က ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ နာမည်ကျော်ရုပ်ရှင် “The Lady” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း ဓာတ်ပုံတပုံကို သူ့ရဲ့ Instagram Story မှာ တင်ခဲ့ပြီး “ရုပ်ရှင်ထဲမှာလို ဖြစ်ရပ်က အပြင်မှာ ဖြစ်နေတယ်။ အဲ့ဒါကို ပြောင်းလဲဖို့လိုတယ်” စတဲ့ အဓိပ္ပါယ်ရှိတဲ့ စာသားတွေကို ရေးသားခဲ့ပါတယ်။
You may also like these stories:
မြန်မာနဲ့ အိန္ဒိယမှာ ဖြစ်နေတဲ့ အရေးကိစ္စတွေအကြောင်း Rihanna ရေးသားဖော်ပြ
“အာဏာသိမ်းမှုကို လက်မခံဘူး”ဆိုတဲ့ အဆိုတော် ချမ်းချမ်းနှင့် အင်တာဗျူး
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ